Border News Agency
မကွေး၊ ဇန်နဝါရီ ၂။
မကွေးတိုင်း၊ ဆင်ဖြူကျွန်းမြို့ရှိစစ်ကော်မရှင်တပ် အုပ်ချုပ်ရေးယန္တားတွေကို တော်လှန်ရေးတပ်တွေတိုက်ခိုက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ဇန်နဝါရီလ ၂ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီစစ်ကော်မရှင်တပ် အုပ်ချုပ်ရေးယန္တားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးတိုင်းစစ်ဌာနရဲ့ကွပ်ကဲမှုအောက်ရှိ ခရိုင်စစ်ဌာနတွေ၊ တပ်ရင်းတပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဟာ မဟာမိတ်တပ်ဖွဲ့တွေနဲ့ပူးပေါင်းတိုက်ခိုက်နေတယ်လို့ဆိုပါတယ်။
မကွေးတိုင်းမှ စစ်ကော်မရှင်တပ်အခြေပြုစခန်းတွေကို အဆက်မပြတ်ထိုးနှက်တိုက်ခိုက်နေပြီး ဒီနေ့အချိန်ထိတိုက်ခိုက်နေတယ်လို့ဆိုပါတယ်။
ဆိပ်ဖြူမြို့နယ်၊ သံဇလုံကျေးရွာရှိ စစ်ကော်မရှင်စစ်ဆေးရေးဂိတ်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ၂၄ ရက်နေ့က ပခုက္ကူခရိုင် စစ်ဌာနရဲ့ကွပ်ကဲမှုနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေတိုက်ခိုက်လို့ စစ်ကော်မရှင်တပ်သားသုံးဦးသေဆုံးပြီး စစ်ဆေးရေးဂိတ်ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင်ဆိပ်ဖြူမြို့နယ်မှထွက်ခွာလာတဲ့ အင်အားသုံးဆယ်ငါးဦးပါ မော်တော်ယာဉ်လေးစင်း၊ စစ်ယာဉ်တန်းကိုလည်း ဒီဇင်ဘာလ ၃၀ ရက်နေ့က တော်လှန်ရေးတပ်တို့ကြားဖြတ်တိုက်ခိုက်လို့ ဆယ့်ခြောက်ဦးသေဆုံးပြီး စစ်သုံ့ပန်းတဦးကိုလည်းဖမ်းဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီတိုက်ပွဲအတွင်း စစ်ကော်မရှင်ရဲ့စစ်ယာဉ်တန်းမှ မော်တော်ယာဉ်နှစ်စင်းပျက်စီးသွားပြီး လက်နက်ရှစ်လက်နဲ့အတူ ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအပါအဝင် စစ်ကော်မရှင်တပ်ရဲ့ ထောက်တိုင်ရုံးဌာနတွေကိုလည်းဇန်နဝါရီလ ၁ ရက်နေ့က မင်းဘူးခရိုင်၊ စစ်ဌာနရဲ့ကွပ်ကဲမှုနဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေဟာ စစ်ကော်မရှင်တပ်ကိုအရှိန်မြင့်တင်တိုက်ပွဲဝင်နေတာမို့ ပြည်သူတွေအနေနဲ့လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ကူညီပေးကဖို့အသိပေးထားပါတယ်။














