Border News Agency
ဘန်ကောက်၊ ဇန်နဝါရီ ၁၄။
ထိုင်းနိုင်ငံ၊ စီခီယိုခရိုင် (Sikhiu) အတွင်းရှိ ရထားလမ်းပေါ်သို့ ဆောက်လုပ်ရေးကရိန်းတခုပြုတ်ကျရာမှ ခရီးသည်တင်ရထားနဲ့တိုက်မိပြီး လူနှစ်ဆယ့်ခုနှစ်ဦးသေဆုံးကာ ငါးဆယ့်ငါးဦးဒဏ်ရာရသွားတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှ သိရပါတယ်။
ဘန်ကောက်မှ ဘွန်ရာချာဌာနီကို ဇန်နဝါရီလ ၁၄ ရက်၊ မနက် ၉ နာရီကျော်အချိန်မှာထွက်ခွာလာတဲ့ ခရီးသည်တရာ့နှစ်ဆယ်ပါရထားဟာ ဘန်သနွန်ကော့ဒ်ဘူတာအနီး လဲကျနေတဲ့ကရိန်းကို ဝင်တိုက်မိခဲ့တာပါ။
အဲဒီကရိန်းဟာ အမြန်လမ်းကူးတံတားဆောက်လုပ်ရေးမှာ အသုံးပြုနေတာဖြစ်ပြီး ရထားလမ်းပေါ် ပြုတ်ကျနေတာကြောင့် လမ်းပိတ်နေချိန် ရထားကအရှိန်နဲ့ဝင်တိုက်မိကာ လမ်းချော်မှုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီရထားလမ်းချော်သွားတဲ့အပြင် အပေါ်ကဆောက်လုပ်ရေးပစ္စည်းတွေပါ ရထားပေါ် ပြုတ်ကျလာခဲ့ပြီး ဒုတိယရထားတွဲမှာ မီးလောင်မှုလည်းဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
ရထားတွဲတွေဟာ အဲယားကွန်းတွဲတွေဖြစ်ပြီး လျှပ်စစ်အော်တိုတံခါးတွေ သုံးထားတာကြောင့် မတော်တဆဖြစ်ချိန်မှာ ပြတင်းပေါက်တွေကို လက်နဲ့ဖွင့်မရဘဲ ခရီးသည်အများအပြား ထွက်ပေါက်ပိတ်မိခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီစီမံကိန်းဟာ တရုတ်နိုင်ငံရဲ့ ပိုးလမ်းမရပ်ဝန်းအစီအစဉ် (BRI) အောက်က အမေရိကန်ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံတန်ဖိုးရှိတဲ့ ထိုင်း – တရုတ် အမြန်ရထားလမ်း (HSR) စီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။
အဲဒီရထားလမ်းကို ၂၀၂၈ ခုနှစ်မှာ ဘန်ကောက်ကနေ လာအိုကိုဖြတ်ပြီး တရုတ်နိုင်ငံ ကူမင်းမြို့အထိချိတ်ဆက်နိုင်ဖို့ တည်ဆောက်နေတာဖြစ်ပါတယ်။













