Border News Agency
မန္တလေး၊ ဇန်နဝါရီ ၁၅။
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ကပျူစောထီးခေါင်းဆောင် သီတာယုမွန်ရဲ့ အမျိုးသားဖြစ်သူစိန်လွင်ကို မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိထားတယ်လို့ မြင်းခြံခရိုင်တပ်ရင်း ၃ တပ်ရင်းက ဇန်နဝါရီလ ၁၅ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
စိန်လွင်ဟာ ပုဂံညောင်ဦးဘက်ကို အပန်းဖြေခရီးထွက်လာစဉ်မှာ မြင်းခြံ-ပုဂံလမ်းပေါ်မှာတင် မြင်းခြံခရိုင် တပ်ရင်း ၃ တပ်ခွဲ ၂ ရဲ့ ဖမ်းဆီးတာကို ခံလိုက်ရတာပါ။
သူဟာ သီတာယုမွန်ဦးဆောင်တဲ့ ပြည်သူ့စစ် (ပျူစောထီး) အဖွဲ့မှာ ဒုတိယခေါင်းဆောင်အဖြစ် တာဝန်ယူထားသူလည်း ဖြစ်ပါတယ်။
စိန်လွင် ဖမ်းဆီးခံရပြီးနောက်မှာ သီတာယုမွန်ရဲ့ အဖွဲ့ဟာမြင်းခြံမြို့ပေါ်က KTV နဲ့ စင်တင်ဆိုင်တွေကို အင်အားသုံးပြီး လိုက်လံရှာဖွေတာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
သီတာယုမွန်ရဲ့ ပျူစောထီးအဖွဲ့ဟာ စစ်ကော်မရှင်တပ်နဲ့ပေါင်းပြီး မြင်းခြံခရိုင်အတွင်းက ကျေးရွာတွေကို စစ်ကြောင်းထိုးတာ၊ မီးရှို့တာနဲ့ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေကို မကြာခဏ ကျူးလွန်နေတာလို့ဆိုပါတယ်။












