Border News Agency
စစ်ကိုင်း၊ ဇန်နဝါရီ ၁၆။
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်နဲ့ ဝက်လက်မြို့နယ်မှာ စစ်ကော်မရှင်တပ်က လေကြောင်း၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်လို့ အရပ်သားသုံးဦးသေဆုံးပြီး သံဃာတော်နှစ်ပါး ဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီကနီမြို့နယ်၊ ရှမ်းမြောင်းရွာရှိအောင်မင်္ဂလာဘုန်းကြီးကျောင်းကို ဇန်နဝါရီ ၁၅ ရက်၊ နေ့လည်က စစ်ကော်မရှင်တပ် Gyrocopter နှစ်စီးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် သံဃာတော်နှစ်ပါးဒဏ်ရာရခဲ့သလို ကျောင်းဆောင်တွေလည်း ပျက်စီးသွားပါတယ်။
အဲဒီအပြင် ဝက်လက်မြို့နယ်၊ ရေလည်မော်ရွာကိုလည်း စစ်ကော်မရှင်တပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့် ရွာထဲခဏပြန်ဝင်လာတဲ့ စစ်ဘေးရှောင်ပြည်သူသုံးဦး သေဆုံးခဲ့ပါတယ်။
အဲဒီ အသက်သုံးဆယ်အရွယ် ဦးဝင်းကျော်၊ မခင်ယုနဲ့ မအေးချောတို့ သေဆုံးသွားခဲ့တယ်လို့ ဝက်လက်သတင်းကွန်ရက်က ထုတ်ပြန်ထားပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ အင်အားသုံးတိုက်ခိုက်မှုတွေကြောင့် ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရပြီး လေကြောင်းနဲ့လက်နက်ကြီးအန္တရာယ်ကိုလည်း စိုးရိမ်နေကြရတယ်လို့ ပြည်သူတွေကဆိုကြပါတယ်။















