Border News Agency
မကွေး၊ ဇန်နဝါရီ ၁၉။
မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ စိုက်ပျိုးထားတဲ့ဘိန်းစိုက်ခင်း ဧကသုံးဆယ်နီးပါးကို လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) က ဝင်ရောက်ဖျက်ဆီးခဲ့တယ်လို့ ဇန်နဝါရီလ ၁၈ ရက်နေ့က ထုတ်ပြန်ပါတယ်။
အဲဒီငဖဲမြို့နယ်၊ တောင်ဘက်ခြမ်းရှိ ဘိန်းစိုက်ခင်းကို ပြီးခဲ့တဲ့ဒီဇင်ဘာလ ၁၆ ရက်နဲ့ ၁၇ ရက်တွေမှာ ဖျက်ဆီးခဲ့တာလို့ဆိုပါတယ်။
အဲဒီ ဘိန်းခင်းပိုင်ရှင်ကိုစုံစမ်းခဲ့ပေမယ့် တိတိကျကျမသိရှိရသေးဘူးလို့ PRA-M
agway ဘက်က ဆိုပါတယ်။
တော်လှန်ရေးအင်အားစုတွေအနေနဲ့ သူတို့ လှုပ်ရှားနေတဲ့နယ်မြေဒေသအတွင်းမှာ မူးယစ်ဆေးဝါး စိုက်ပျိုးတာ၊ ရောင်းဝယ်ဖောက်ကားတာနဲ့ လက်ဝယ်ထားရှိတာတွေကို ပြင်းပြင်းထန်ထန် တားမြစ်ကြပ်မတ်နေတယ်လို့လည်းဆိုပါတယ်။
မကွေးတိုင်းအတွင်းက တောင်ပေါ်ဒေသတွေမှာ ဘိန်းစိုက်ပျိုးမှုဟာ ယခင်စစ်အစိုးရလက်ထက်ကတည်းက ရှိခဲ့တာဖြစ်ပြီး နယ်မြေခံရဲစခန်းတွေက အခကြေးငွေယူကာ စိုက်ပျိုးခွင့်ပြုခဲ့တာလို့ ဒေသခံတွေက ဆိုကြပါတယ်။
အဲဒီအပြင် ခုလက်ရှိမှာလည်း စစ်ကော်မရှင်တပ်ကငွေကြေးကောက်ခံပြီး ဘိန်းစိုက်ခွင့်ပြုထားတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) အနေနဲ့ မူးယစ်ဆေးဝါး ကင်းစင်ရေးအတွက် အခုလိုစိုက်ခင်းတွေကို ဖျက်ဆီးတာအပြင် တားဆီးစစ်ဆေးမှုတွေကိုပါ အရှိန်အဟုန်မြှင့်လုပ်ဆောင်သွားဖို့ ရှိနေပါတယ်လို့လည်းဆိုပါတယ်။











