Border News Agency
မြောက်ဦး၊ ဖေဖော်ဝါရီ ၆ ။
အာရက္ခဒေသမှာရှိတဲ့ ခရစ်ယာန်ကျမ်းစာကျောင်းတခုရဲ့ ၁၈ ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားကို ဖေဖော်ဝါရီလ ၄ ရက်နေ့က ကျင်းပခဲ့ပါတယ်။
အဲဒီအခမ်းအနားမှာ ဒီပလိုမာဘွဲ့ရသူငါးဦးကို ဘွဲ့လက်မှတ်တွေပေးအပ်ခဲ့သလို ပထမနှစ်နဲ့ ဒုတိယနှစ်က ထူးချွန်ကျောင်းသား၊ ကျောင်းသူတွေကိုလည်း ဆုတွေချီးမြှင့်ခဲ့ပါတယ်။
ဒီပွဲကို ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တွေအပြင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) က တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ကြပါတယ်။
ULA/AA တာဝန်ရှိသူတွေကကျောင်းသား၊ ကျောင်းသူတွေရဲ့ ကြိုးစားမှုကို ချီးကျူးစကားပြောခဲ့ပြီး ဆုငွေတွေလည်း ချီးမြှင့်ခဲ့ပါတယ်။
ပွဲတက်ရောက်လာသူသုံးရာကျော်ကို ထမင်းကျွေးမွေးဧည့်ခံခဲ့သလို ဖျော်ဖြေရေးအစီအစဉ်တွေနဲ့လည်း စည်စည်ကားကား ကျင်းပခဲ့တာပါ။
အဲဒီလို အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေမှာ ဘာသာရေးနဲ့ ပညာရေးလုပ်ငန်းတွေ ပြန်လည်အသက်ဝင်လာတာဟာ မျိုးဆက်သစ်လူငယ်တွေရဲ့စာရိတ္တနဲ့ ပညာရည်မြင့်မားဖို့အတွက် ကောင်းမွန်တဲ့ခြေလှမ်းတခုဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။






















