Border News Agency
မလေးရှား၊ ဖေဖော်ဝါရီ ၇ ။
မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ် (Johor)၊ Mount Austin ဧရိယာအတွင်း ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၅ ရက်နေ့က အာဏာပိုင်တွေရဲ့အော်ပရာစီ (Operasi) အထူးစီမံချက်နဲ့ ဝင်ရောက်စစ်ဆေးဖမ်းဆီးရာမှာ အထောက်အထားမပြည့်စုံတဲ့ နိုင်ငံခြားသားနှစ်ဆယ်ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။
အဲဒီဖမ်းဆီးခံရသူနှစ်ဆယ်ဦးထဲမှာ မြန်မာအမျိုးသားလေးဦးပါဝင်နေပြီး ကျန်ရှိသူတွေကတော့ တရုတ်အမျိုးသားဆယ့်လေးဦးနဲ့ တရုတ်အမျိုးသမီးနှစ်ဦးတို့ ဖြစ်ကြပါတယ်။
သူတို့အားလုံးဟာ မလေးရှားနိုင်ငံအတွင်း နေထိုင်ခွင့်နဲ့အလုပ်လုပ်ကိုင်ခွင့် အထောက်အထားတစုံတရာ ပြသနိုင်တာမရှိတာကြောင့် ဖမ်းဆီးခံရတာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားတွေနဲ့ တရုတ်နိုင်ငံသားတွေကို သက်ဆိုင်ရာလူဝင်မှုကြီးကြပ်ရေးဌာန (Immigration) က ဆက်လက်ထိန်းသိမ်းထားပြီး ဥပဒေအရအရေးယူနိုင်ဖို့အတွက် စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်နေပါတယ်။
မလေးရှားအစိုးရအနေနဲ့ ၂၀၂၆ ခုနှစ်အတွင်းမှာ အထောက်အထားမဲ့ နိုင်ငံခြားသားအလုပ်သမားတွေကို နေရာအနှံ့ ပိုက်စိပ်တိုက်စစ်ဆေးဖမ်းဆီးနေတာကြောင့် ပြည်ပရောက်မြန်မာလုပ်သားတွေအနေနဲ့ သွားလာနေထိုင်ရာမှာ အထူးသတိပြုကြဖို့လည်း အလုပ်သမားအရေး ကူညီပေးနေသူတွေက တိုက်တွန်းထားပါတယ်။









