Border News Agency
စပိန်၊ ဖေဖော်ဝါရီ ၉။
ဥရောပတောင်ပိုင်းကစပိန်နဲ့ ပေါ်တူဂီနိုင်ငံတွေမှာ ပြီးခဲ့တဲ့အပတ်ကတိုက်ခတ်ခဲ့တဲ့ “လီယိုနာဒို” မုန်တိုင်းအပြီး ဒီအပတ်မှာတော့ “မာတာ (Marta)” မုန်တိုင်းထပ်ဝင်လာလို့ စပိန်မိုးလေဝသအေဂျင်စီ (AEMET) က ဖေဖော်ဝါရီလ ၇ ရက်နေ့ကတည်းက လိမ္မော်ရောင်အဆင့်သတိပေးချက် ထုတ်ပြန်ထားပါတယ်။
အဲဒီမုန်တိုင်းဟာ ဖေဖော်ဝါရီလ ၉ ရက်၊ ဒီနေ့အထိလည်း မုန်တိုင်းအရှိန်ကဆက်ပြင်းနေတုန်းပဲလို့ ဆိုပါတယ်။
ဒီမာတာမုန်တိုင်းကြောင့် လူငါးဦးထက်မနည်းသေဆုံးခဲ့ရပြီး စပိန်မြောက်ပိုင်း အာဗီလာ (Avila) ဒေသမှာ နှင်းရှင်းတဲ့ကားမောင်းသူတဦးလည်း မီတာ ၂၀ အမြင့်ရှိတဲ့ ချောက်ထဲလျှောကျသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ပေါ်တူဂီနိုင်ငံ ပေါ်တယ်လီဂရီ (Portalegre) မှာလည်း အသက်လေးဆယ့်ခြောက်နှစ်အရွယ် အမျိုးသားတဦး ရေနစ်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
စပိန်တောင်ပိုင်းအန်ဒလူစီးယား (Andalusia) ဘက်မှာ မြစ်ရေလျှံလို့ လူပေါင်းတသောင်းတထောင်ကျော်ကို အရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရပြီး ပြည်သူတွေအိုးမဲ့အိမ်မဲ့ ဖြစ်နေကြရတယ်လို့ဆိုပါတယ်။
အဲဒီမုန်တိုင်းဒဏ်ကြောင့် စိုက်ပျိုးရေးလည်းထိခိုက်နေပြီး စပိန်တောင်ပိုင်း ကာဒစ်ဇ် (Cadiz) ပြည်နယ်က လယ်သမားအဖွဲ့ (COAG) ရဲ့ပြောပြချက်အရ ဘရိုကိုလီ၊ မုန်လာဥနီနဲ့ ပန်းဂေါ်ဖီစိုက်ခင်း ဟက်တာထောင်နဲ့ချီပြီး ရေအောက်ရောက်သွားပြီလို့ ဆိုပါတယ်။
အဲဒီ ပေါ်တူဂီစိုက်ပျိုးရေးဝန်ကြီးဌာနကလည်း လာမယ့်ရက်ပိုင်းအတွင်း စိုက်ပျိုးရေးနဲ့ သစ်တောကဏ္ဍမှာ ဆုံးရှုံးမှုတန်ဖိုး ယူရို ၇၅၀ သန်း (ဒေါ်လာ ၈၉၀ သန်း) လောက်အထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
အဲဒီအပြင် စပိန်တနိုင်ငံလုံးမှာ လမ်းပေါင်း ၁၇၀ နီးပါးကို ဘေးကင်းအောင်ပိတ်ထားရသလို၊ စပိန်လာလီဂါရဲ့ ပွဲစဉ်ကြီးဖြစ်တဲ့ ဆီဗီလာ (Sevilla) နဲ့ ဂီရိုနာ (Girona) အသင်းတို့ပွဲကိုလည်း ရာသီဥတုဆိုးလို့ ရွှေ့ဆိုင်းလိုက်ရတယ်လို့ ဆိုပါတယ်။
စပိန်နဲ့ ပေါ်တူဂီမှာ ဒီနေ့အထိမိုးကြီးတာ၊ လေပြင်းတိုက်တာနဲ့ရေကြီးတာတွေ ဆက်ဖြစ်နေပြီး မုန်တိုင်းအရှိန်ကနောက်ထပ် ၂၄ နာရီကနေ ၄၈ နာရီအထိ ဆက်ပြင်းနေဦးမယ်လို့ သိရပါတယ်။
ပေါ်တူဂီအစိုးရက လက်ရှိမှာကယ်ဆယ်ရေးသမား နှစ်သောင်းခြောက်ထောင်ငါးရာကျော်ကို အသင့်ပြင်ထားပြီး ရေဘေးသင့်သူတွေကို ကူညီပေးနေတယ်လို့ ဆိုပါတယ်။














