Border News Agency
ထန်တလန်၊ ဖေဖော်ဝါရီ ၁၀။
ချင်းပြည်၊ ထန်တလန်မြို့နယ်၊ တလန်ခွါကျေးရွာကို ဖေဖော်ဝါရီလ ၁၀ ရက်၊ ဒီနေ့ နေ့လည်က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားခြောက်ဦးသေဆုံးပြီး ခုနှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီတလန်ခွါကျေးရွာရှိဘောလုံးကွင်းကို စစ်ကော်မရှင်တပ်က ရွယ်ရည်ချက်ရှိရှိလေကြောင်းတိုက်ခိုက်လို့ နေရာတင် လူငါးဦးပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ရွာသားတွေကဆိုကြပါတယ်။
အဲဒီထဲကျန်တဦးကတော့ ဒဏ်ရာပြင်းထန်တာကြောင့် နောက်မှထပ်မံသေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
အဲဒီလိုတိုက်ခိုက်လို့ တလန်ခွါရွာမှ Ral Iap၊ Thang Ceu၊ Sui Cung၊ Ngun Lian Thawng၊ Cung Cin Thawng နဲ့ Biak Kung တို့ သေဆုံးခဲ့ကြပါတယ်။
အဲဒီဒဏ်ရာရထားတဲ့ခုနှစ်ဦးထဲမှာ ကလေးငယ်တွေလည်းပါဝင်နေပြီး တချို့ကတော့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။
စစ်ကော်မရှင်တပ်ဟာ ချင်းပြည်ထဲမှာ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်လာနေတာကြောင့် အရပ်သားတွေလည်း နေ့တိုင်းလိုလိုသေဆုံး၊ ဒဏ်ရာရနေကြရပါတယ်။












