Border News Agency
မကွေး၊ ဖေဖော်ဝါရီ ၁၁။
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ချက်ကန်ကျေးရွာမှာ ဖေဖော်ဝါရီ ၁၀ ရက်၊ မနက်ပိုင်းက ရွာဘုရားပွဲကျင်းပနေတုန်း စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားဆယ်ဦးသေဆုံးသွားပါတယ်။
အဲဒီ ချက်ကန်ကျေးရွာကို အဲဒီနေ့မနက် ၁၁ နာရီအချိန်ခန့်က အနီးနားရှိကပစ ၂၂ ကနေ ပါရာမော်တာနှစ်စီး၊ မကွေးလေတပ်ကတိုက်လေယာဥ်သုံးစီးနဲ့ ပေါင် ၅၀၀ ဗုံးတွေနဲ့ ရွယ်ရည်ချက်ရှိရှိတိုက်ခိုက်ခဲ့တာလို့ ရွာသားတွေကဆိုကြပါတယ်။
အဲဒီလို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် လက်ရှိအချိန်အထိဆယ်ဦးသေဆုံးတယ်လို့ အတည်ပြုနိုင်ထားသလို ရှစ်ဦးလည်းဒဏ်ရာအပြင်းအထန် ရရှိထားပါတယ်။
ပျောက်ဆုံးနေသူတွေလည်း ရှိနေသေးတဲ့အတွက် သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်ပါတယ်။
အဲဒီတိုက်ခိုက်မှုဟာ ဒေသတွင်းမှာဘာတိုက်ပွဲမှဖြစ်ပွားနေတာမရှိဘဲ အရပ်သားတွေကိုပဲ ပစ်မှတ်ထားပြီးတိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီချက်ကန်ကျေးရွာဟာ အိမ်ခြေငါးရာကျော်ရှိတဲ့ ကျေးရွာကြီးတရွာလည်း ဖြစ်ပါတယ်။
အဲဒီလို လေကြောင်းတိုက်ခိုက်တာတွေများနေတာမို့ ပြည်သူတွေအနေနဲ့ လူစုလူဝေးလုပ်တာ၊ ပွဲလမ်းသဘင်နဲ့အလှူအတန်းကျင်းပတာတွေကိုရှောင်ကြဉ်ကြဖို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း – မြိုင်ကအသိပေးထားပါတယ်။
အဲဒီချက်ကန်ရွာသားတွေဟာ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရပြီး မြေပြင်အခြေအနေအရ ပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေနေဆဲ ဖြစ်တယ်လို့သိရပါတယ်။












