Border News Agency
မဲဆောက်၊ ဖေဖော်ဝါရီ ၁၂။
ထိုင်း – မြန်မာနယ်စပ်၊ မဲဆောက်မြို့နဲ့ မျက်နှာချင်းဆိုင် မြန်မာဘက်ခြမ်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထိုင်းဘက်က လူနေအိမ်အတွင်းကျည်ကျရောက်ခဲ့ပြီး ရှစ်နှစ်အရွယ်ကလေးငယ်တဦး အသက်ဘေးကကံကောင်းစွာ လွတ်မြောက်သွားခဲ့ပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ တပ်မ ၂၂ နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ဖာလူနဲ့မိလပန်ကျေးရွာတွေမှာ တိုက်ပွဲပြင်းထန်ခဲ့တာပါ။
စစ်ကော်မရှင်တပ်ဘက်က အသေခံဒရုန်းတွေနဲ့ လက်နက်ကြီးတွေသုံးပြီး တနာရီနီးပါးဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်ပွဲအတွင်း ပစ်ခတ်လိုက်တဲ့စက်သေနတ်ကျည်တွေဟာ ထိုင်းနိုင်ငံဘက်ခြမ်းက ဟွေ့မဟာဝန်းရွာနဲ့ မဲကုန်းကင်ရွာတွေဘက်ကို ကျရောက်လာခဲ့ပါတယ်။
အဲဒီကျည်တောင့်တစ်တောင့်ဟာ အသက်ခုနှစ်ဆယ်သုံးနှစ်အရွယ် ဦးနောင်ရဲ့ နေအိမ်အိမ်သာခေါင်မိုးကို ဖောက်ထွက်ဝင်လာခဲ့ပြီး အဲဒီအချိန်မှာရေချိုးပေးနေတဲ့ ရှစ်နှစ်အရွယ်မြေးမလေးရဲ့ဘေးနားတင် သီသီလေးလွဲသွားခဲ့တာကို CCTV မှတ်တမ်းမှာ အထင်အရှားတွေ့ရှိခဲ့ရတာပါ။
လက်ရှိမှာ စစ်ကော်မရှင်တပ်ကလေကြောင်းနဲ့ ခြေလျင်စစ်ဆင်ရေးတွေ ထပ်မံလုပ်ဆောင်ဖို့ပြင်ဆင်နေတာကြောင့် တိုက်ပွဲတွေပိုမိုပြင်းထန်လာနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။
ထိုင်းစစ်တပ် ရာ့ချ်မနူးစစ်ကြောင်းကတော့ နယ်စပ်မှာအင်အားဖြည့်တင်းထားပြီး ဒေသခံတချို့လည်း ဘေးကင်းရာကို စတင်တိမ်းရှောင်နေကြပြီလို့ သိရပါတယ်။













