ထိုင်း-လာအိုနယ်စပ်၊ နောင်ခိုင်ခရိုင်၊ ဖွန်ဖိဆိုင်းမြို့နယ်ထဲက မဲခေါင်မြစ်ကိုဖြတ်ပြီး တရားမဝင် မှောင်ခိုသွင်းလာတဲ့ စိတ်ကြွဆေးပြား ၂,၃၇၀,၀၀၀ (၂.၃ သန်းကျော်) ကို ထိုင်းရေတပ်နဲ့ ပူးပေါင်းအဖွဲ့တွေက ဖမ်းဆီးရမိခဲ့ပါတယ်။
အဲဒီဖမ်းဆီးရမိမှုနဲ့ပတ်သက်ပြီး မဲခေါင်မြစ်ကင်းစောင့်တပ်ဖွဲ့ (MRU) တပ်မှူး ရေတပ်ဗိုလ်ချုပ် Narong Emdee နဲ့ နောင်ခိုင်ခရိုင် တာဝန်ရှိသူတွေက ဖေဖော်ဝါရီလ ၁၂ ရက်၊ဒီနေ့မနက်ပိုင်းမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ထုတ်ပြန်ခဲ့တာပါ။
အဲဒီမူးယစ်ဆေးဝါးတွေ မှောင်ခိုဝင်လာမယ်လို့ ကြိုတင်သတင်းရထားတဲ့အတွက် ဖွန်ဖိဆိုင်း ရေတပ်စခန်းက အရာရှိတွေဟာ မဲခေါင်မြစ်တလျှောက် စောင့်ဆိုင်းဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
အဲဒီလူနှစ်ယောက်ပါလာတဲ့ တံရှည်လှေတစ်စီးဟာ ဖေဖော်ဝါရီလ ၁၁ ရက်၊ည သန်းခေါင်ကျော်အချိန်မှာ မြစ်လယ်ကနေ ကမ်းခြေကို အင်ဂျင်ပိတ်ပြီး တိတ်တဆိတ် လှော်ခတ်ဝင်ရောက်လာတာကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
တာဝန်ရှိသူတွေက ဝင်ရောက်စစ်ဆေးတဲ့အခါမှာတော့ ဆာလာအိတ်တွေနဲ့ ထည့်ထားတဲ့ စိတ်ကြွဆေးပြားတွေအပြင် သယ်ဆောင်ဖို့ စောင့်နေတဲ့ Mitsubishi ကားတစီးနဲ့ ဆိုင်ကယ်တစီးတို့ကိုလည်း သိမ်းဆည်းနိုင်ခဲ့ပါတယ်။
အဲဒီမူးယစ်ဆေးဝါးတွေကို နယ်စပ်ကနေ ထိုင်းနိုင်ငံအတွင်းပိုင်းအထိမှောင်ခိုပို့ဆောင်ဖို့ ရည်ရွယ်ထားပုံရတယ်လို့ ရေတပ်ဗိုလ်ချုပ် Narong Emdee က ပြောပါတယ်။
အဲဒီဆေးတွေကို လောလောဆယ်မှာတော့ သက်ဆိုင်ရာလုံခြုံရေးအဖွဲ့တွေ ပူးပေါင်းပြီး ဒီမူးယစ်ဆေးဝါး ကွင်းဆက်တရားခံတွေကို ဖမ်းဆီးရမိဖို့အတွက် ဆက်လက်နှိမ်နင်းသွားမယ်လို့ သိရပါတယ်။


















