Border News Agency
မကွေး၊ ဖေဖော်ဝါရီ ၁၄။
မကွေးတိုင်း၊ ရေစကြိုမြို့နယ်ထဲကကျေးရွာတွေကို စစ်ကော်မရှင်တပ်လေကြောင်း၊ လက်နက်ကြီးတွေနဲ့တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၄ ဦး ဒဏ်ရာရခဲ့ပြီး ဘုန်းကြီးကျောင်းနဲ့နေအိမ်တွေ ပျက်စီးသွားတယ်လို့ ရေစကြိုမြို့နယ်သတင်းအချက်အလက်ကော်မတီက ထုတ်ပြန်ပါတယ်။
အဲဒီရေလယ်ကျွန်းဒေသ၊ ငတရော်ရွာနဲ့ဝါဘိုးရွာကို ဖေဖော်ဝါရီလ ၁၃ ရက်၊ မနက်ပိုင်းက စစ်ကော်မရှင်တပ်လက်နက်ကြီးပစ်ခတ်လို့ တောင်ယာလုပ်နေတဲ့ ပြည်သူ ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။
အဲဒီနောက် နေ့လည်ပိုင်းမှာလည်း စက်တပ်လေထီး (Paramotor) နဲ့တိုက်ခိုက်ခဲ့တာကြောင့် ငတရော်ရွာကဘုန်းကြီးကျောင်းတကျောင်းနဲ့ မိုးဖြူရွာကနေအိမ်တလုံးပျက်စီးခဲ့ပြီး နောက်ထပ်အရပ်သားတဦး ဒဏ်ရာရခဲ့ပါတယ်။
အဲဒီအပြင် အင်အား ၁၅၀ ခန့်ပါတဲ့ တပ်မ ၉၉ စစ်ကြောင်းဟာ ရေစကြိုမြို့နယ်ထဲကိုရောက်ရှိနေတာကြောင့် ဒေသခံတွေအနေနဲ့ စစ်ကြောင်းအန္တရာယ်အပြင် လေကြောင်းနဲ့လက်နက်ကြီးအန္တရာယ်ကိုပါ အထူးသတိပြုကြဖို့ တော်လှန်ရေးအင်အားစုတွေက နှိုးဆော်ထားပါတယ်။











