Border News Agency
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅။
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်ရှိ နေအိမ်တလုံး ဖေဖော်ဝါရီလ ၁၅ ရက်၊ မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်အတွင်းရှိ သက်ကြီးပိုင်းအမျိုးသမီးနှစ်ဦး သေဆုံးသွားတယ်လို့ လူမှုကယ်ဆယ်ရေးအသင်းတွေဆီက သိရပါတယ်။
အဲဒီမရမ်းကုန်းမြို့နယ်၊ အမှတ် ၂ ရပ်ကွက်၊ အောက်ဗဟိုလမ်း၊ ရထားသံလမ်းဘေးရှိ ဆိုင်ခန်းတွဲလျက် နေအိမ်တလုံးမှာ မနက်အစောပိုင်းက မီးစတင်လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။
အဲဒီမီးလောင်မှုဖြစ်ပွားရာနေရာကို မရမ်းကုန်းနဲ့ လှိုင်မြို့နယ် မီးသတ်စခန်းတွေက မီးသတ်ယာဉ်တွေ လာရောက်ငြှိမ်းသတ်ခဲ့ပေမယ့် နေအိမ်အတွင်း ပိတ်မိနေတဲ့ အသက် ၈၀ ကျော်အရွယ် အဘွားနှစ်ဦးမှာတော့ မီးလောင်သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ မီးလောင်မှုကြောင့် သေဆုံးသွားသူတွေကို လူမှုကယ်ဆယ်ရေးအသင်းတွေက ဆေးရုံကိုပို့ဆောင်ပေးထားပြီး မီးစတင်လောင်ကျွမ်းရတဲ့ အကြောင်းရင်းကိုတော့ တာဝန်ရှိသူတွေက ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။
























