ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်ရှိ သံလွင်မြစ်ကူးတံတား (ဖားဆောင်းတံတား) ဟာ ဖေဖော်ဝါရီလ၁၇ ရက်၊မနက်အစောပိုင်းမှာ ကျိုးကျပျက်စီးသွားခဲ့ပါတယ်။
အဲဒီတံတားဟာ မိုင်းခွဲခံရမှုကြောင့် ကျိုးကျသွားတာဖြစ်ပြီး လက်ရှိမှာတော့ လမ်းပန်းဆက်သွယ်ရေး လုံးဝပြတ်တောက်သွားပြီလို့ သိရပါတယ်။
တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) ဘက်ကတော့ စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီးနဲ့ ဒရုန်းဗုံးဒဏ်တွေကြောင့် အရည်အသွေးမမီတဲ့ ဒီတံတားဟာ ကျိုးကျသွားတာလို့ မီဒီယာတွေကိုဖြေထားတာတွေ့ရပါတယ်။
တဖက်မှာလည်း စစ်ကော်မရှင်ဘက်ကတော့ ဒီတံတားပျက်စီးမှုဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လက်ချက်ကြောင့် ဖြစ်တယ်လို့ တန်ပြန်ထုတ်ပြန်ထားတာ တွေ့ရပါတယ်။
ဖားဆောင်းမြို့နယ်အတွင်းမှာ စစ်ကော်မရှင်တပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတဲ့အချိန်မှာ အခုလို တံတားကျိုးကျခဲ့တာပါ။
အဲဒီတံတားပျက်စီးသွားတဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ သွားလာရေး၊ ကုန်စည်စီးဆင်းမှုမှာ အကြီးအကျယ် ခက်ခဲမှာကို အထူးစိုးရိမ်နေကြပါတယ်။










