Border News Agency
ထိုင်း၊ ဖေဖော်ဝါရီ ၁၉။
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ ချင်းဆဲန်မြို့နယ်ရှိ မဲခေါင်မြစ်ကမ်းစပ်မှာ မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းတွေ စွန့်ပစ်ထားခဲ့တဲ့ စိတ်ကြွဆေးပြား ၉ သန်းခန့်ကို ဖေဖော်ဝါရီလ ၁၈ ရက်၊ ညပိုင်းက သိမ်းဆည်းရမိခဲ့တယ်လို့ ထိုင်းရေတပ်က သတင်းထုတ်ပြန်ပါတယ်။
အဲဒီ မြစ်တွင်းလုံခြုံရေးတပ်ဖွဲ့ (နရခ) မှ တပ်ဖွဲ့ဝင်တွေဟာ နယ်စပ်ဖြတ်ကျော်မှုခင်းကာကွယ်ရေးအတွက် ကင်းလှည့်နေစဉ်အတွင်း ဘန်ဆဲဝ်ကျေးရွာအုပ်စုရှိ မြစ်ကမ်းဘေးမှာရပ်တန့်ထားတဲ့ သံသယဖြစ်ဖွယ်မော်တော်ယာဉ်တစီးကို စစ်ဆေးရာကနေ အခုလို ဖမ်းဆီးရမိခဲ့တာပါ။
အဲဒီယာဉ်ပေါ်မှာ အနက်ရောင်အိတ်တွေနဲ့ စနစ်တကျထည့်သွင်းထားတဲ့ စိတ်ကြွဆေးပြား စုစုပေါင်း ၉ သန်းခန့်ကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
တာဝန်ရှိသူတွေရဲ့ပြောပြချက်အရ ဒီမူးယစ်ဆေးဝါးတွေဟာ နယ်စပ်ဖြတ်ကျော် မူးယစ်ဂိုဏ်းတွေက မဲခေါင်မြစ်ကြောင်းကနေတဆင့် ထိုင်းနိုင်ငံအတွင်းပိုင်းကို သယ်ဆောင်ဖို့ကြိုးပမ်းတာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ မော်တော်ယာဉ်ကို ချင်းဆဲန်ရှိ နရခအခြေစိုက်စခန်းဆီ သယ်ဆောင်သွားပြီဖြစ်ပြီး ဥပဒေအရအရေးယူနိုင်ဖို့နဲ့ ဆက်စပ်တရားခံတွေကိုဖော်ထုတ်နိုင်ဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ဆက်လက်စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။








