Border News Agency
ထိုင်း၊ ဖေဖော်ဝါရီ ၁၉။
ထိုင်းနိုင်ငံ၊ လွယ်ပြည်နယ် (Loei) အတွင်း အွန်လိုင်းကတဆင့် တရားမဝင်လက်နက်တွေရောင်းချနေတဲ့ လူငယ်တဦးနဲ့ လက်နက်ပြုပြင်ပေးသူ အမျိုးသားတဦးကို ဆိုက်ဘာရဲတပ်ဖွဲ့ (CCIB) က ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ ဖမ်းဆီးလိုက်ပါတယ်။
အဲဒီဖမ်းဆီးရမိသူတွေဟာ Facebook ပေါ်မှာ .38 လက်လုပ်သေနတ်ကို ဘတ် ၁၈,၀၀၀ နဲ့ ရောင်းချဖို့ပို့စ်တင်ခဲ့တာဖြစ်ပြီး အသက် ၂၅ နှစ်အရွယ် ကလောက်ဆိုသူက သေနတ်လာရောက်ပို့ဆောင်စဉ် နောင်ဟင်းမြို့နယ်အတွင်းရှိ လမ်းဘေးပြုပြင်ရေးဆိုင်တခုအနီးမှာ အာဏာပိုင်တွေက စောင့်ဆိုင်းဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
အဲဒီဖမ်းဆီးရမိသူ ကလောက်ရဲ့ ထွက်ဆိုချက်အရ လက်နက်ပြုပြင်ပေးသူ အသက် ၅၇ နှစ်အရွယ် ဆရာပုန်း ဆိုသူကိုလည်း သူရဲ့နေအိမ်မှာ ထပ်မံဖမ်းဆီးနိုင်ခဲ့ပါတယ်။
အဲဒီတရားခံတွေနဲ့အတူ လက်လုပ်သေနတ် ၄ လက်၊ ကျည်ဆံတွေ၊ သေနတ်ကိုယ်ထည် ၂ ခု၊ ကျည်အိမ် ၅ ခုနဲ့ လက်နက်အစိတ်အပိုင်း အများအပြားကိုလည်း သက်သေခံအဖြစ် သိမ်းဆည်းရမိခဲ့ပါတယ်။
လက်ရှိမှာတော့ သူတို့နှစ်ဦးစလုံးကို တရားမဝင်လက်နက်ခဲယမ်းလက်ဝယ်ထားရှိမှု၊ ပူးပေါင်းရောင်းချမှုတို့နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။










