Border News Agency (BNA)
ထိုင်း၊ ဖေဖော်ဝါရီ ၁၉။
ထိုင်းနိုင်ငံ၊ ဖိကျစ်ခရိုင်၊ ဝချိရဘာရမီမြို့နယ်ရှိ အမှတ် ၁၁၇ အဝေးပြေးလမ်းမှာ တရားမဝင်မြန်မာလုပ်သားတွေကို တင်ဆောင်လာတဲ့မှောင်ခိုယာဉ် ၃ စီးကို ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ (CIB) က ဖေဖော်ဝါရီလ ၁၆ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
အဲဒီဖမ်းဆီးမှုအတွင်း လမ်းပြနဲ့ယာဉ်မောင်းတွေဖြစ်တဲ့ နိုင်ဆိုင်နန်၊ နိုင်ဂျိုင်းအောင်နဲ့ နိုင်ဆုကဲတို့ သုံးဦးအပါအဝင် အထောက်အထားမဲ့မြန်မာနိုင်ငံသား ၂၅ ဦး၊ စုစုပေါင်း ၂၈ ဦးကို ဖမ်းဆီးရမိခဲ့တာပါ။
အဲဒီ မှောင်ခိုယာဉ် ၃ စီးမှာ လူခွဲတင်ဆောင်လာတာဖြစ်ပြီး ရှေ့ဆုံးက Mazda အမျိုးအစားကားက ရဲကင်း ရှိ၊ မရှိ စောင့်ကြည့်ပေးတဲ့လမ်းပြကားအဖြစ် ဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။
ဖမ်းဆီးခံရတဲ့ ယာဉ်မောင်းတွေက တခေါက်ကို ဘတ် ၅,၀၀၀ စီရရှိပြီး အခုလိုလုပ်ကိုင်နေတာ ၅ ကြိမ်ထက်မနည်း ရှိပြီလို့ ဝန်ခံထားပါတယ်။
မြန်မာလုပ်သားတွေကတော့ မယ်ဆိုင်နယ်စပ်ရှိ သဘာဝပေါက်ကနေတဆင့် ခိုးဝင်လာတာဖြစ်ပြီး ဘန်ကောက်ကို အလုပ်သွားလုပ်ဖို့အတွက် ပွဲစားခအဖြစ်တဦးကို ဘတ် ၈,၅၀၀ စီ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ဖမ်းဆီးရမိသူအားလုံးကို ဥပဒေအရအရေးယူနိုင်ဖို့ ဝချိရဘာရမီရဲစခန်းဆီ ပို့ဆောင်ထားပြီး ဖြစ်ပါတယ်။









