Border News Agency
မဲဆောက်၊ ဖေဖော်ဝါရီ ၂၁ ။
ထိုင်း – ကမ္ဘောဒီးယားနယ်စပ်၊ တာကျည်ဆာ့ (Prasat Ta Muen Thom) ရဲတိုက်အနီးမှာ ဖြစ်ပွားခဲ့တဲ့ တောမီးလောင်ကျွမ်းမှုအတွင်း ကမ္ဘောဒီးယားစစ်သားတဦး သေဆုံးခဲ့ရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး နှစ်ဖက်စွပ်စွဲချက်တွေ ထွက်ပေါ်နေပါတယ်။
အဲဒီ သေဆုံးသူဟာ ကမ္ဘောဒီးယားစစ်သား “ရီယမ် ခိန်” ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၀ ရက်နေ့က တောမီးအတွင်းပိတ်မိကာ သေဆုံးခဲ့တာလို့ စစ်ဘက်သတင်းတွေအရ သိရပါတယ်။
အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ထိုင်းဘက်ကတော့ စစ်သားဟာရှေ့တန်းတပ်ဖွဲ့တွေကို နှောင့်ယှက်ဖို့မီးရှို့ရာကနေ လေပြန်တိုက်လို့ မီးဝိုင်းမိတာလို့ ဆိုပါတယ်။
ကမ္ဘောဒီးယားဘက်က လုပ်ဖော်ကိုင်ဖက်တွေကတော့ ထိုင်းဘက်ကမီးစတင်ရှို့ခဲ့တာဖြစ်ပြီး တောမီးငြှိမ်းသတ်ရင်း သေဆုံးခဲ့ရတာလို့ တန်ပြန်စွပ်စွဲထားပါတယ်။
အခုလို အမြင်မတူညီမှုတွေရှိနေပေမယ့် လက်ရှိမှာတော့ကျန်ရစ်သူမိသားစုအတွက် ကမ္ဘောဒီးယားစစ်သားတွေက အလှူငွေတွေဝိုင်းဝန်းကောက်ခံပေးနေ ကြပါတယ်။
အဲဒီနယ်စပ်တင်းမာမှုနဲ့ စွပ်စွဲချက်တွေရှိနေပေမယ့် သေဆုံးသူရဲ့ မိသားစုဝင်တွေအတွက် စာနာနားလည်တဲ့အနေနဲ့ လုပ်ဖော်ကိုင်ဖက်တွေက လူမှုကွန်ရက်ကတဆင့် ရန်ပုံငွေတွေစုဆောင်းပေးနေတာပါ။
အလှူငွေထည့်ဝင်လိုသူတွေအနေနဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်သူရဲ့ QR Code ကတဆင့်ဖြစ်စေ ဖုန်းနံပါတ် ၀၈၈ -၂၄၇၉၆၈၇ သို့ တိုက်ရိုက်ဆက်သွယ်ပြီးဖြစ်စေ လှူဒါန်းနိုင်တယ်လို့ ဖော်ပြထားပါတယ်။
နယ်စပ်ဒေသမှာ အခုလိုစိတ်မကောင်းစရာ ဖြစ်ရပ်တွေထပ်မံမဖြစ်ပွားစေဖို့နဲ့ နှစ်နိုင်ငံကြားအပြန်အလှန် နားလည်မှုတွေ တိုးတက်လာဖို့ကိုလည်း ပြည်သူတွေက မျှော်လင့်နေကြပါတယ်။
အဲဒီ တောမီးလောင်ကျွမ်းမှုနဲ့ သေဆုံးရတဲ့ဖြစ်စဉ်အပေါ် နှစ်ဖက်တာဝန်ရှိသူတွေအကြား စုံစမ်းစစ်ဆေးမှုတွေ ရှိလာနိုင်မလားဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။











