Border News Agency
ခလယ်လွီထူ၊ ဖေဖော်ဝါရီ ၂၁။
ခလယ်လွီထူခရိုင်ထဲက ကျေးရွာတွေကို စစ်ကော်မရှင်တပ် ဒရုန်းတွေ၊ ပါရာမော်တာတွေနဲ့ ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်လို့ စာသင်ကျောင်းတကျောင်းနဲ့ နေအိမ်ခုနှစ်လုံးပျက်စီးပြီးအရပ်သားတဦး ဒဏ်ရာရသွားခဲ့ပါတယ်။
လယ်ဒိုနဲ့ ဆောထိမြို့နယ်ထဲက ကျောင်းကုန်း၊ ရေတွင်းကုန်းနဲ့ ချုံအင်းကျေးရွာတွေကို ဖေဖော်ဝါရီလ ၁၈ ရက်ကနေ ၂၀ ရက်အထိ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ ဖေဖော်ဝါရီလ ၂၁ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် အသက် ၄၅ အရွယ် စောမောင်ဖိုးအေး ဒဏ်ရာရခဲ့သလို နေအိမ်တွေနဲ့အတူ ဆိုင်ကယ်ပြင်ဆိုင်တဆိုင်လည်း ပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ ခလယ်လွီထူခရိုင်ထဲကို လက်နက်ကြီးတွေနဲ့ပစ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေကို အဆက်မပြတ်လုပ်နေတာကြောင့် ဒေသခံတွေဟာ အသက်ဘေးကိုစိုးရိမ်ထိတ်လန့်ပြီး နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။



















