အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ သံတွဲနဲ့တောင်ကုတ်ခရိုင်မှာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကကျင်းပတဲ့ ၇၈ ကြိမ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) က တာဝန်ရှိသူတွေ တက်ရောက်ဂုဏ်ပြုခဲ့ကြပါတယ်။
အဲဒီပွဲအတွင်းမှာ ချင်းရိုးရာအကတွေအပြင်ရက္ခိုင်ရိုးရာအကတွေနဲ့ပါစည်ကားသိုက်မြိုက်စွာ ဖျော်ဖြေခဲ့ကြတာပါ။
ULA/AA ဘက်က တာဝန်ရှိသူတွေက ချင်းလူမျိုးတွေရဲ့ ယဉ်ကျေးမှုနဲ့ အမျိုးသားအခွင့်အရေးတွေကို အသိအမှတ်ပြုကြောင်း ဂုဏ်ပြုစကားပြောကြားခဲ့သလို အခမ်းအနားအတွက် ငွေကြေးထောက်ပံ့မှုတွေပါ ပြုလုပ်ခဲ့ပါတယ်။
အဲဒီအပြင် အနာဂတ်အာရက္ခတိုင်းပြည် တည်ဆောက်ရေးအတွက် ညီနောင်လူမျိုးစုတွေအကြား ပိုမိုလက်တွဲဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
အဲဒီ ချင်းအမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ဘောလုံးပွဲ၊ လွန်ဆွဲပွဲတွေနဲ့ ပျော်ပွဲရွှင်ပွဲတွေကိုပါ ထည့်သွင်းကျင်းပခဲ့ပြီး ချင်းရိုးရာခေါင်ရည်၊အစားအစာတွေနဲ့လည်း ဧည့်ခံကျွေးမွေးခဲ့ကြပါတယ်။
ဒီနှစ်မှာတော့ ချင်းအမျိုးသားနေ့ကို သံတွဲ၊ တောင်ကုတ်တင်မကဘဲ အာရက္ခတပြည်လုံးမှာရှိတဲ့ မြို့နယ်အသီးသီးမှာ အကြီးကျယ် ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။

























