ထိုင်း-ကမ္ဘောဒီးယားနယ်စပ်မှာ တောမီးလောင်ကျွမ်းမှု ပြင်းထန်နေတာကြောင့် ကမ္ဘောဒီးယားဒေသခံတွေဟာ မိူင်ပရာဝီဟီးယား (Preah Vihear) မြို့နယ်ထဲက ဘုန်းကြီးကျောင်းတကျောင်းမှာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကစပြီးယာယီလာရောက်ခိုလှုံနေကြရပါတယ်။
အဲဒီ ပလင်သမ် (Pleng Thom) နဲ့ ချအမ်း (Cha-em) လူနေရပ်ကွက်တွေမှာ တောမီးက အရှိန်အဟုန်နဲ့ ကူးစက်နေတာကြောင့် ဒေသခံတပ်ဖွဲ့တွေက အရေးပေါ် ဖယ်ရှားခိုင်းခဲ့တာပါ။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဒီရပ်ကွက်တွေမှာ တောမီးလောင်ကျွမ်းခဲ့တာကြောင့် အခုတကြိမ်မှာတော့ ဘေးကင်းလုံခြုံဖို့အတွက် ဝတ်ဖိုးငန်ဘုန်းကြီးကျောင်းဆီကို ရွာသားတွေရောက်ရှိလာနေကြတာ ဖြစ်ပါတယ်။
ဒီအိုးအိမ်စွန့်ခွာမှုဟာ အရှိန်အဟုန်နဲ့ကူးစက်နေတဲ့ တောမီးအန္တရာယ်ကြောင့်သာဖြစ်ပြီး တခြားနယ်စပ်ပြဿနာတွေကြောင့် မဟုတ်ဘူးလို့ သိရပါတယ်။
အဲဒီ ရွာသားတွေဟာ အထုပ်အပိုးကိုယ်စီနဲ့ ဘုန်းကြီးကျောင်းဝင်းထဲမှာ ခိုလှုံနေကြရပြီး မီးငြှိမ်းသတ်နိုင်မယ့် အခြေအနေကို စောင့်ကြည့်နေကြပါတယ်။
အခုလောင်ကျွမ်းနေတဲ့ တောမီးဟာ နယ်စပ်တလျှောက်ကို ကူးစက်နေတာကြောင့် ဒေသခံတွေရော နယ်စပ်စောင့်တပ်ဖွဲ့ဝင်တွေပါ စိုးရိမ်ပူပန်နေကြရပြီး မီးငြှိမ်းသတ်နိုင်ဖို့ ဆက်လက်ကြိုးစားနေကြဆဲ ဖြစ်တယ်လို့သိရပါတယ်။













