Border News Agency
လဲချား၊ ဖေဖော်ဝါရီ ၂၃။
ရှမ်းပြည်တောင်ပိုင်း၊ လဲချားမြို့နယ်အတွင်းမှာ အွန်လိုင်းလိမ်လည်မှု (Scam) လုပ်ငန်းလုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ၂၅ ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကော်မရှင်ကထုတ်ပြန်ထားပါတယ်။
အဲဒီလဲချားမြို့နယ်၊ နောင်လုံကျေးရွာအနီးရှိ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က မသင်္ကာဖွယ်အဆောက်အအုံတွေကို ဝင်ရောက်စစ်ဆေးရာမှာ အွန်လိုင်းလိမ်လည်မှုလုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ၂၀ ဦးနဲ့အတူ STARLINK ဗန်း ၂ ခုအပါအဝင် ဆက်စပ်ပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
အဲဒီနောက် နယ်မြေအတွင်းဆက်လက်စစ်ဆေးရာမှာ တပ်မောကကျေးရွာအနီးမှာ နောက်ထပ်တရုတ်နိုင်ငံသား ၅ ဦးကို ထပ်မံဖမ်းဆီးရမိခဲ့တာကြောင့် စုစုပေါင်း ၂၅ ဦးအထိ ရှိလာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီဖမ်းဆီးရမိသူတွေရဲ့ ထွက်ဆိုချက်အရ သူတို့ဟာတရုတ်နိုင်ငံကနေ We Chat ကတဆင့် အလုပ်ကောင်းရမယ်ဆိုပြီးစည်းရုံးခံရကာ မိုင်းလား၊ ပန်ဆန်းနဲ့ မိုင်းရယ်မြို့တွေကနေတဆင့် တရားမဝင်ဝင်ရောက်လာခဲ့ကြသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီ တရုတ်နိုင်ငံသားတွေဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလပိုင်းကတည်းက လဲချားမြို့နယ်အတွင်းကို ရောက်ရှိနေတာဖြစ်ပြီး လက်ရှိမှာတော့ သူတို့ကို ဥပဒေအရအရေးယူနိုင်ဖို့နဲ့ သက်ဆိုင်ရာနိုင်ငံဆီ ပြန်လည်လွှဲပြောင်းပေးနိုင်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။















