Border News Agency
မဲဆောက်၊ ဖေဖော်ဝါရီ ၂၄။
မြန်မာနိုင်ငံဘက်ခြမ်းကနေ ပြန်လည်လွှဲပြောင်းပေးလိုက်တဲ့ နိုင်ငံခြားသားတွေကို ထိုင်း – မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားမှာ ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက ဖေဖော်ဝါရီလ ၂၄ ရက်၊ မနက်ပိုင်းမှာ လက်ခံစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုလက်ခံရာမှာ တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးမှူးရဲ့ ညွှန်ကြားချက်နဲ့ တာဝန်ရှိသူတွေက မဲဆောက်မြို့၊ သာ့ဆဲလော့ဒ်ကျေးရွာရှိ အမှတ် ၂ ချစ်ကြည်ရေးတံတားရဲ့ဆိုက်ရောက်ခန်းမမှာ စောင့်ကြိုလက်ခံခဲ့တာလို့ ဆိုပါတယ်။
အဲဒီ ပြန်လည်လွှဲပြောင်းလာသူတွေကို ထိုင်းအာဏာပိုင်တွေက ကိုယ်ရေးအချက်အလက်တွေကောက်ယူတာ၊ ဇီဝအချက်အလက် (Identity) စစ်ဆေးတာတွေအပြင် စောင့်ကြည့်လူစာရင်း (Watchlist) ထဲမှာပါဝင်တာ ရှိ၊ မရှိကိုပါ သေသေချာချာစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အဲဒီနိုင်ငံခြားသားတွေဟာ လူကုန်ကူးခံရသူတွေဟုတ်၊ မဟုတ်နဲ့ပတ်သက်ပြီး အမျိုးသားအဆင့်ကာကွယ်စောင့်ရှောက်ရေး ယန္တရား (NRM) အရ သက်ဆိုင်ရာဌာနစုံအဖွဲ့ဝင်တွေကပါ အသေးစိတ်စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီပြန်လည်ရောက်ရှိလာသူတွေကို သက်ဆိုင်ရာလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက် မဲဆောက်လူဝင်မှုကြီးကြပ်ရေးဌာနမှာ ထိန်းသိမ်းထားကြောင်း သိရပါတယ်။














