ထိုင်းတပ်မတော်က ဦးဆောင်ကျင်းပတဲ့ ၄၅ ကြိမ်မြောက် Cobra Gold 2026 ပူးတွဲစစ်ရေးလေ့ကျင့်မှု ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၄ ရက်၊မနက်ပိုင်းမှာ ရယောင်းခရိုင်ရှိ အူတာပေါင်းလေဆိပ်မှာကျင်းပခဲ့တယ်လို့ ထိုင်းဘုရင့်တပ်မတော်ကထုတ်ပြန်ထားပါတယ်။
အဲဒီအခမ်းအနားကို ထိုင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး အုကရစ် ဘွန်တာနွန်နဲ့ အမေရိကန်သံအမတ်ကြီးတို့က ပူးတွဲသဘာပတိအဖြစ် တက်ရောက်ဖွင့်လှစ်ပေးခဲ့တာပါ။
အခုနှစ်မှာတော့ နိုင်ငံပေါင်း ၃၀ က စစ်သည်အင်အား ၈,၀၀၀ ကျော် ပါဝင်မှာဖြစ်ပြီး အကြီးစားလေ့ကျင့်မှုတွေလုပ်မယ့် (Heavy Year) လည်း ဖြစ်ပါတယ်။
အင်ဒို-ပစိဖိတ်ဒေသအတွင်းက မိတ်ဖက်နိုင်ငံတွေကြား စစ်ရေးအရ အသင့်ဖြစ်နေဖို့နဲ့ ဒေသတွင်း တည်ငြိမ်လုံခြုံရေးအတွက် စုပေါင်းအားနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်တာပါ။
အဲဒီထဲ ကြည်း၊ရေ၊ လေ စစ်ဆင်ရေးတွေတင်မကဘဲ အာကာသစစ်ဆင်ရေးနဲ့ ဆိုက်ဘာ (Cyber) ကဏ္ဍတွေကိုပါ အပြည့်အဝ ထည့်သွင်းလေ့ကျင့်သွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။
အဲဒီအပြင် ဝေဟင်ဓာတ်ပုံခွဲခြမ်းစိတ်ဖြာတာနဲ့ အချက်ပြထောက်လှမ်းရေးလို နည်းပညာမြင့်စနစ်တွေကိုပါ တိုးမြှင့်လေ့ကျင့်သွားမယ်လို့လည်းဆိုပါတယ်။
သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး (HADR) လေ့ကျင့်ခန်းမှာလည်း ထိုင်းမင်းသမီးရဲ့ အချစ်တော်ခွေးလေး “Mi-6” ပါဝင်တဲ့ K9 ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို သရုပ်ပြခဲ့ကြပါတယ်။
အဲဒီစစ်ရေးလေ့ကျင့်မှုဟာ ဖေဖော်ဝါရီလ ၂၃ ရက်ကနေမတ်လ ၆ ရက်နေ့အထိ ကြာမြင့်မှာဖြစ်ပြီး စင်ကာပူ၊အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ ဂျပန်နဲ့ မလေးရှားနိုင်ငံတွေက သံအမတ်ကြီးတွေလည်း တက်ရောက်ခဲ့ကြပါတယ်။
အဲဒါဟာ အာရှတိုက်ရဲ့ အကြီးဆုံးနဲ့ သမိုင်းအရှည်ကြာဆုံး စစ်ရေးလေ့ကျင့်မှုကြီးတခုလည်းဖြစ်တယ်လို့ဆိုပါတယ်။
























