ထိုင်းနိုင်ငံ၊ ချောင်ပူရီခရိုင်ရှိ ဟတ်ယောင်းကမ်းခြေမှာ ပြုလုပ်နေတဲ့ ကော်ဘရာဂိုး ၂၀၂၆ စစ်ရေးလေ့ကျင့်မှုအတွင်း စစ်သင်္ဘောတွေနဲ့ လေကြောင်းပစ်ကူတွေကို အသုံးပြုပြီး ကမ်းတက်စစ်ဆင်ရေးလုပ်ဆောင်ခဲ့ပါတယ်။
အဲဒီလေ့ကျင့်ခန်းမှာ ထိုင်း၊အမေရိကန်၊ တောင်ကိုရီးယားနဲ့ စင်ကာပူနိုင်ငံတွေက တပ်ဖွဲ့ဝင်တွေ စုပေါင်းပြီး ကုန်း၊ ရေ၊ လေ ညှိနှိုင်းတိုက်ခိုက်တဲ့ နည်းဗျူဟာတွေကို အပီအပြင် လေ့ကျင့်ခဲ့ကြတာပါ။
စစ်ဆင်ရေးအတွင်း စစ်သင်္ဘောတွေပေါ်ကနေ အမြောက်တွေနဲ့ ပစ်ကူပေးသလို၊ လေကြောင်းကနေလည်း ရန်သူ့နယ်မြေကို ဗုံးကြဲတိုက်ခိုက်ပြီး ကမ်းခြေကို ဝင်ရောက်စီးနင်းတဲ့ ပုံစံမျိုးကို အဓိကထား လုပ်ဆောင်ခဲ့ပါတယ်။
ဒါ့အပြင် နိုင်ငံစုံတပ်ဖွဲ့ဝင်တွေကြား ပူးပေါင်းစစ်ဆင်ရေး အစီအစဉ်တွေ ရေးဆွဲတာ၊ ကုန်းတွင်းပိုင်းကို စနစ်တကျ ချဉ်းကပ်တာနဲ့ ဆက်သွယ်ရေး စနစ်တွေကိုလည်း စမ်းသပ်ခဲ့ကြပါတယ်။
အဲဒီကမ်းတက်စစ်ဆင်ရေးဟာ မိတ်ဖက်နိုင်ငံတွေကြား စစ်ရေးအရအပြန်အလှန် ယုံကြည်မှုနဲ့ အရေးပေါ်အခြေအနေတွေမှာ အတူတကွ တုံ့ပြန်နိုင်စွမ်းကို ပြသဖို့ ရည်ရွယ်တာဖြစ်ပါတယ်။
ကော်ဘရာဂိုးဟာ အာရှ-ပစိဖိတ်ဒေသအတွင်း အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုတခုဖြစ်ပြီး ဒေသတွင်း လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးပါတဲ့ စစ်ရေးလေ့ကျင့်မှုတခုလည်း ဖြစ်ပါတယ်။



































