Border News Agency
တောင်ကုတ်၊ မတ် ၆ ။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ တောင်ကုတ်မြို့နယ်မှာ မတ်လ ၅ ရက်၊ ညနေပိုင်းက နေရာနှစ်ခုမှာမီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်နဲ့ဆိုင်ခန်းတချို့ မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
တောင်ကုတ်မြို့၊ ကိုင်းရှည်ရပ်ကွက်ရှိ “အာရက္ခ”ဆီဆိုင်မှာ ဆီဖြည့်ရာကနေ ညနေ ၅ နာရီကျော်မှာ မတော်တဆမီးစတင်လောင်ကျွမ်းခဲ့တာပါ။
အဲဒီမီးဟာ အနီးနားကနေအိမ်တလုံးနဲ့ စားသောက်ဆိုင်တဆိုင်ကိုပါ ကူးစက်လောင်ကျွမ်းခဲ့ပြီး ည ၇ နာရီခွဲလောက်မှာတော့ မီးငြှိမ်းသတ်နိုင်ခဲ့ပါတယ်။
အဲဒီအပြင် ညနေ ၄ နာရီကျော်ကလည်း တောင်ကုတ်မြို့နယ်၊ ကင်းတောင်ရွာရှိဆီဆိုင်တဆိုင်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အဲဒီဖြစ်စဉ်အတွင်း ကလေးငယ်နှစ်ဦး အနည်းငယ်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီမီးလောင်မှုတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာဌာနတွေက လုပ်ထုံးလုပ်နည်းအတိုင်း စိစစ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။















