Border News Agency
ပဲခူး၊မတ် ၉။
ပဲခူးတိုင်း၊ လယ်ဒိုမြို့နယ်မှာ စစ်ကော်မရှင်တပ်က အရပ်သား၃၀ ကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ မတ်လ ၉ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ ခမရ-၂၀၊ ခလရ-၂၆၄၊ ခမရ-၄၃၉ ပူးပေါင်းစစ်ကြောင်းက ဒေသခံ ၁၆၀ ခန့်ကိုအကြောင်းမဲ့ဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင်လေကြောင်းကနေလည်းတိုက်ခိုက်ခဲ့တာကြောင့် ဖမ်းဆီးခံထားရသူတွေအပါအဝင် စုစုပေါင်း အရပ်သား ၃၀ သေဆုံးခဲ့တယ်လို့ဆိုပါတယ်။
ရေတွင်းကုန်းကျေးရွာအုပ်စုမှာ မတ်လ ၅ ရက်နေ့ကစစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကော်မရှင်တပ်ဟာအရပ်သားတွေကို အစုလိုက်အပြုံလိုက် ဖမ်းဆီးခဲ့တာပါ။
အဲဒီနောက် မတ်လ ၇ ရက်နေ့မှာ KNLA တပ်မတော်နဲ့တိုက်ပွဲဖြစ်ပွားချိန်မှာ စစ်ကော်မရှင်တပ်ဘက်က ဒရုန်း၊ တိုက်လေယာဥ်တွေနဲ့ ရေတွင်းကုန်းကျေးရွာအုပ်စုကို တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် သူတို့ဖမ်းဆီးထားတဲ့ အရပ်သား ၂၅ ဦး လေကြောင်းတိုက်ခိုက်ခံရမှုမှာသေဆုံးခဲ့ရသလို တခြား ၅ ဦးကတော့ စစ်ကော်မရှင်တပ်ရဲ့ သတ်ဖြတ်တာကိုခံခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီသေဆုံးသူစာရင်းတွေကို KNU ဘက်က ဆက်လက်စိစစ်နေဆဲဖြစ်ပြီး အတည်ပြုချက်ရတာနဲ့ ထပ်မံထုတ်ပြန်ပေးသွားမယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ အတုအယောင်ရွေးကောက်ပွဲအပြီးမှာ အရပ်သားတွေကိုပစ်မှတ်ထားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပိုမိုကျူးလွန်လာနေတယ်လို့ KNU ဆိုပါတယ်။











