Border News Agency
အင်းဗလာ၊ မတ် ၁၂။
ပဲခူးတိုင်းဒေသကြီး၊ ဆောထိမြို့နယ်၊ အောပလား(အင်းဗလာ)ကျေးရွာကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားခြောက်ဦးသေဆုံးသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ မတ်လ ၁၂ ရက်၊ ဒီနေ့ ထုတ်ပြန်ပါတယ်။
အဲဒီဆောထိမြို့နယ်၊ အင်းဗလာကျေးရွာကို မတ်လ ၁၁ရက်၊ နေ့လည် ၁၂နာရီ ၅၀ မိနစ်အချိန်ခန့်က စစ်ကော်မရှင်တပ် ခမရ-၂၀ မှ စက်တပ်လေထီးအသုံးပြုပြီး လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် အင်းဗလာကျေးရွာနေ အသက်ခြောက်နှစ်အရွယ် ကလေးငယ်နှစ်ဦးနဲ့ အရပ်သားလေးဦးသေဆုံးပြီး ကလေးတဦးနဲ့အရပ်သားသုံးဦး ဒဏ်ရာရသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအင်းဗလာကျေးရွာနေ အသက်လေးဆယ်သုံးနှစ်အရွယ် မေသွယ်လင်း ၊ အသက်ခြောက်နှစ်အရွယ် ဂေလယ်ဒါး၊ အသက်နှစ်ဆယ့်ရှစ်နှစ်အရွယ် ဂျာရီး၊ အသက်လေးဆယ်အရွယ်ဒေါ်မကူ၊ အသက်ခြောက်နှစ်နှစ်အရွယ် မနိုစင်လင်းနဲ့ အသက်လေးဆယ်ငါးနှစ်အရွယ် ဒေါ်မူကီကီသေဆုံးသွားတာပါ။
အဲဒီအပြင် အသက်ကိုးနှစ်အရွယ် နိုဘယ်လင်းခြေထောက်နဲ့လက်ပြတ်သွားခဲ့သလို အသက်သုံးဆယ်ရှစ်နှစ်အရွယ် ထွန်းဇော်ဦးပခုံးဒဏ်ရာရသွားခဲ့ပြီး၊ အသက်ငါးဆယ်အရွယ်နန်းဋ္ဌေးအောင်မှာ ပေါင်ဒဏ်ရာရသွားကာ၊ အသက်ငါးဆယ်အရွယ်တီးဒါးဖိုးမှာလည်း ခါးဒဏ်ရာရသွားခဲ့ပါတယ်။
နောက်ပြီး လူနေအိမ်တလုံးပျက်စီးသွားခဲ့သလို နွားနှစ်ကောင်လည်းသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။












