Border News Agency
ခလယ်လွီ၊ မတ် ၁၃။
ကေအဲန်ယူ-ခလယ်လွီထူခရိုင်ထဲက ဆောထိနဲ့ လယ်ဒိုမြို့နယ်တွေကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ အရပ်သား၆ ဦး သေဆုံးပြီး နေအိမ် ၉ လုံး ပျက်စီးသွားတယ်လို့ ကေအဲန်ယူ-ဗဟိုက မတ်လ ၁၂ ရက်၊မနေ့က ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ရင်းတွေက မတ်လ ၈ ရက်ကနေ ၁၁ ရက်အတွင်း ကျေးရွာတွေထဲကို တမင်ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီဆောထိမြို့နယ်၊ အောပလားရွာထဲကို မတ်လ ၁၁ ရက်နေ့က ခမရ-၂၀ တပ်ရင်းက ပေါင် ၃၀၀ ဗုံးသီးတွေနဲ့လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ရွာသား ၆ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရခဲ့သလို နေအိမ်တလုံးနဲ့ ကျွဲနွားတွေပါသေဆုံးခဲ့ရပါတယ်။
အဲဒီအပြင် လယ်ဒိုမြို့နယ်မှာလည်း စစ်ကော်မရှင်တပ် ခလရ-၂၆၄ တပ်ရင်းက လေပိန်ဝဲရွာထဲကို ဒရုန်းနဲ့ လက်နက်ကြီးတွေသုံးပြီး ပစ်ခတ်ခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ပြည်သူ ၆ ဦးရဲ့ နေအိမ်တွေထိမှန်ပျက်စီးခဲ့လို့ ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။
အဲဒီအင်ကုန်းရွာထဲကို မတ်လ ၈ ရက်နေ့ကလည်းစစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ပစ်ခတ်ခဲ့လို့ နေအိမ် ၂ လုံး ပျက်စီးခဲ့ပါသေးတယ်။
အခုနောက်ပိုင်းမှာ စစ်ကော်မရှင်တပ်ဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ကျေးရွာတွေထဲကို ဒရုန်းနည်းပညာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အလွန်အကျွံသုံးပြီး ခပ်စိပ်စိပ် လုပ်ဆောင်လာတာပါ။
အဲဒီခလယ်လွီထူခရိုင်ထဲက ရွာသားတွေဟာစစ်ကော်မရှင်တပ်ရဲ့တိုက်ခိုက်မှုဒဏ်ကို စိုးရိမ်နေကြရပြီး လူမှုစီးပွားဘဝတွေပါ အကြီးအကျယ် ထိခိုက်နေတယ်လို့ ဆိုပါတယ်။










