Border News Agency
အီရန်၊ မတ် ၁၅။
အီရန်နိုင်ငံအလယ်ပိုင်း၊ အက်စ်ဖာဟန်ပြည်နယ်ရှိ အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံလေတပ် (IRIAF) ရဲ့အမှတ် ၈ လေတပ်အခြေစိုက်စခန်းကို မတ်လ ၁၄ ရက်၊မနေ့ ကအမေရိကန်နဲ့ အစ္စရေးတို့လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေမှာဖော်ပြပါတယ်။
အဲဒီလို တိုက်ခိုက်ခဲ့တာကြောင့် အခြေစိုက်စခန်းအတွင်း ပြင်းထန်တဲ့ မီးလောင်ကျွမ်းမှုတွေဖြစ်ပွားခဲ့ပြီး အနက်ရောင်မီးခိုးလုံးကြီးတွေဟာ ကောင်းကင်ယံအထိ ထိုးတက်နေတာကို အဝေးကနေတောင် လှမ်းမြင်နေရတယ်လို့ ပြည်သူတွေကဆိုကြပါတယ်။
အဲဒီအမှတ် ၈ လေတပ်စခန်းဟာ အီရန်လေတပ်ရဲ့အဓိကကျတဲ့ ဗဟိုချက်တခုဖြစ်တာကြောင့် အခုလို တိုက်ခိုက်ခံရမှုဟာ အီရန်ရဲ့လေကြောင်းကာကွယ်ရေးနဲ့ စစ်ရေးစွမ်းဆောင်ရည်အပေါ် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်လာနိုင်ပါတယ်။
ခုအချိန်အထိတော့ ဒီတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုအတိုင်းအတာနဲ့ လူထိခိုက်ဒဏ်ရာရရှိမှုအခြေအနေတွေကို အီရန်အစိုးရဘက်က တရားဝင် ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။














