Border News Agency
မဲဆောက်၊ မတ် ၁၉။
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၊ သာ့ဆိုင်းလော့ဒ်ရပ်ကွက်အတွင်းမှာ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်ပါ သတ်မှတ်ချက်တွေနဲ့ကိုက်ညီမှုမရှိဘဲ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားနှစ်ဦးကို မတ်လ ၁၈ ရက်၊ မနက်ပိုင်းက ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးလိုက်ပါတယ်။
တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးအဖွဲ့နဲ့ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနတို့ပူးပေါင်းပြီး လမ်းဘေးဆိုင်တွေကိုဝင်ရောက်စစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလိုစစ်ဆေးရာမှာ အသက် ၃၅ နှစ်အရွယ် ကွမ်းယာရောင်းနေသူတဦးနဲ့ အသက် ၂၄ နှစ်အရွယ် ဆံပင်ညှပ်နေသူလူငယ်တဦးကို ဖမ်းမိခဲ့တာပါ။
သူတို့နှစ်ဦးစလုံးဟာ အလုပ်သမားခွင့်ပြုချက်ရှိပေမယ့်လည်း လက်မှတ်ထဲမှာသတ်မှတ်မထားတဲ့အလုပ်တွေကို ပြင်ပမှာလုပ်ကိုင်နေတာကြောင့် နိုင်ငံခြားသားများအလုပ်လုပ်ကိုင်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၈ အရ အရေးယူခံရတာဖြစ်ပါတယ်။
သူတို့နှစ်ဦးကို မဲဆောက်မြို့မရဲစခန်းဆီပို့ဆောင်ထားပြီး ဥပဒေအရဆက်လက်အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။











