Border News Agency
ရသေ့တောင်၊ မတ် ၂၀။
ရသေ့တောင်မြို့နယ်အတွင်း မြို့သိမ်းတိုက်ပွဲကာလက စစ်ကော်မရှင်တပ်ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းတွေကို အာရက္ခတပ်တော် (AA) က ရှင်းလင်းရေးလုပ်ဆောင်ရာသုံးရက်အတွင်း မိုင်းနဲ့ဗုံးသီး ၂၁၀ လုံး တူးဖော်ရရှိခဲ့ပါတယ်။
မတ်လ ၁၇ ရက်ကနေ ၁၉ ရက်နေ့အထိ ရှင်းလင်းမှုအတွင်း မိုင်း ၁၉၆ လုံးနဲ့ စစ်ကျန်ဗုံးသီး ၁၄ လုံး တွေ့ရှိခဲ့တာပါ။
အဲဒီမိုင်းရှင်းလင်းရေးအတွင်း M14 အမျိုးအစား မိုင်းတွေအပြင် RPG-7 နဲ့ ၆၀ မမ ဗုံးသီးတွေကိုပါ သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းကလည်း ရသေ့တောင်မြို့နယ်မှာပဲ မိုင်းအလုံးရေ ၂၆၀ ကျော်ကို AA က ရှင်းလင်းဖယ်ရှားနိုင်ခဲ့ပါသေးတယ်။
အဲဒီမိုင်းနဲ့ လက်နက်ခဲယမ်းတွေကို စစ်ကော်မရှင်တပ်စွဲခဲ့တဲ့ တပ်ရင်းတပ်စခန်း အနီးဝန်းကျင်တွေ၊အများပြည်သူသုံး လမ်းဘေးတွေနဲ့ ဒေသခံတွေရဲ့ လယ်ကွင်းပြင်တွေမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ မြို့သိမ်းတိုက်ပွဲကာလအတွင်း မြေမြှုပ်မိုင်းတွေကို ရည်ရွယ်ချက်ရှိရှိ ထောင်ထားခဲ့တာလို့ AA ဘက်က ဆိုပါတယ်။
အာရက္ခပြည်သူတွေ မိုင်းအန္တရာယ်ကင်းဝေးစေဖို့ AA က မိုင်းရှင်းလင်းရေးတွေကို အလေးထားဆောင်ရွက်နေပါတယ်။
ဒါ့အပြင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကလည်း မိုင်းအန္တရာယ် သတိပေးဆိုင်းဘုတ်တွေနဲ့ အသိပညာပေးလုပ်ငန်းတွေကိုပါ တပြိုင်တည်း လုပ်ဆောင်နေပါတယ်။









