Border News Agency
အီရန်၊ မတ် ၂၁။
အီရန်နိုင်ငံအလယ်ပိုင်းယက်ဇ်ပြည်နယ်မှာရှိတဲ့ တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ရဲ့ ဒုံးကျည်ပစ်လွှတ်တဲ့ စခန်းတခုကို မတ်လ ၂၀ ရက်နေ့မှာ အမေရိကန်နဲ့ အစ္စရေးတပ်ဖွဲ့တွေက လေကြောင်းကနေ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
ဒီစခန်းဟာ ကူဟီစတန်ပန်းခြံနောက်ဘက် တောင်ကြားထဲမှာရှိပြီး တိုက်ခိုက်မှုကြောင့် ပြင်းထန်တဲ့ ပေါက်ကွဲသံတွေ ဆက်တိုက်ထွက်ပေါ်ခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေမှာဖော်ပြပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ဒုံးကျည်လောင်စာသိုလှောင်ရုံတွေ ပေါက်ကွဲပြီး ကောင်းကင်ယံမှာ လိမ္မော်ရောင် အဆိပ်ငွေ့တွေ ဖုံးလွှမ်းသွားခဲ့ပါတယ်။
အဲဒီဓာတ်ငွေ့တွေဟာ ဒုံးကျည်လောင်စာမှာ သုံးတဲ့ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်တွေဖြစ်ပြီး လေအောက်ဘက်မှာရှိတဲ့ ပြည်သူတွေရဲ့ အသက်ရှူလမ်းကြောင်းကို အန္တရာယ်ဖြစ်စေနိုင်လို့ သတိပေးထားပါတယ်။
အခုတိုက်ခိုက်မှုဟာ တောင်အောက်ထဲမှာ လျှို့ဝှက်တည်ဆောက်ထားတဲ့ ဒုံးကျည်သိုလှောင်ရုံတွေနဲ့ ဒုံးကျည်လောင်စာ ထုတ်လုပ်တဲ့ စက်ရုံတွေကို တိုက်ရိုက်ထိမှန်ခဲ့တာပါ။
တော်လှန်ရေးအစောင့်တပ်ဖွဲ့ရဲ့ ဒုံးကျည်အင်အားစုတွေကို အဓိကပစ်မှတ်ထားပြီး နှိမ်နင်းလိုက်တာလို့ ဆိုရမှာပါ။
အဲဒီပေါက်ကွဲမှုတွေကြောင့် ထွက်လာတဲ့ မီးခိုးတိမ်တိုက်ကြီးတွေက အဲဒီဒေသတဝိုက်မှာ ဖုံးလွှမ်းနေဆဲ ဖြစ်ပါတယ်။
ပျက်စီးဆုံးရှုံးမှု အခြေအနေကို အီရန်ဘက်က ထုတ်ပြန်တာမျိုး မရှိသေးပေမဲ့ ဒေသခံတွေကတော့ အဆိပ်ငွေ့တွေကြောင့် ကျန်းမာရေးအတွက် စိုးရိမ်နေကြပါတယ်။










