Border News Agency
အစ္စရေး၊ မတ် ၂၁။
အစ္စရေးနိုင်ငံရဲ့အရေးပါဆုံး ရေကြောင်းကုန်သွယ်ရေး ဗဟိုချက်ဖြစ်တဲ့ ဟိုင်ဖာဆိပ်ကမ်းကို မတ်လ ၂၀ ရက်နေ့ညအချိန်မှာ အီရန်က အလတ်စားဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ပေါက်ကွဲမှုတွေနဲ့အတူ မီးအကြီးအကျယ်လောင်ကျွမ်းခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေမှာဖော်ပြပါတယ်။
အဲဒီတိုက်ခိုက်မှုဟာ ဒေသစံတော်ချိန် မနက် ၁ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဆိပ်ကမ်းရဲ့အခြေခံအဆောက်အအုံတွေကို တိုက်ရိုက်ထိမှန်ခဲ့တာပါ။
ဒုံးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ကွန်တိန်နာတွေ စုပုံထားတဲ့နေရာမှာ မီးလုံးကြီးတွေပေါက်ကွဲထွက်လာပြီး မီးလောင်မှုဟာ ၁၂ နာရီထက်မနည်း ကြာမြင့်ခဲ့ပါတယ်။
မီးသတ်တပ်ဖွဲ့ဝင်တွေ အပြင်းအထန် ထိန်းချုပ်ခဲ့ရပေမယ့် ကွန်တိန်နာ ၁၀ လုံးထက်မနည်းဟာ ပြင်းထန်တဲ့ ပေါက်ကွဲမှုနဲ့ မီးလောင်မှုကြောင့် လုံးဝပျက်စီးသွားခဲ့ပါတယ်။
ပုံမှန်အားဖြင့် စစ်ရေးအရ အရေးပါတဲ့နေရာတွေ ပျက်စီးမှုကို အစ္စရေးဘက်က တင်းတင်းကျပ်ကျပ် ဖုံးကွယ်လေ့ရှိပေမဲ့ အခုအခါမှာတော့ စစ်ဘက်ဆိုင်ရာ ဆင်ဆာအဖွဲ့ကအဲဒီပျက်စီးမှုပုံရိပ်တချို့နဲ့ ဗီဒီယိုတွေကို လူထုထံ ထုတ်ပြခွင့်ပြုလိုက်ပါတယ်။
ဒါဟာ ဖြစ်စဉ်ရဲ့ ပြင်းထန်မှုကို သွယ်ဝိုက်ပြီး အသိပေးလိုက်တာဖြစ်သလို အခြေအနေ ဘယ်လောက်အထိ ဆိုးရွားတယ်ဆိုတာကို ပြသနေတာလည်း ဖြစ်ပါတယ်။
စီးပွားရေးအရ ကြည့်မယ်ဆိုရင် ဟိုင်ဖာဆိပ်ကမ်းဟာ အစ္စရေးနိုင်ငံရဲ့ သွင်းကုန်ထုတ်ကုန်အတွက် အဓိက အသက်သွေးကြောတစ်ခု ဖြစ်ပါတယ်။
အခုလို တိုက်ခိုက်ခံရပြီး လုပ်ငန်းတွေ ခေတ္တရပ်ဆိုင်းသွားတာဟာ နိုင်ငံတကာ ကုန်သွယ်ရေးနဲ့ ကုန်စည်စီးဆင်းမှုအပေါ် တိုက်ရိုက်ရိုက်ခတ်မှုရှိစေပြီး နိုင်ငံတကာ သင်္ဘောလိုင်းတွေကြားမှာလည်း စိုးရိမ်မှုတွေ မြင့်တက်လာစေပါတယ်။
အစ္စရေးလုံခြုံရေးနဲ့ စစ်ဘက်ဆိုင်ရာအဖွဲ့တွေဟာ ဒုံးကျည်အမျိုးအစားနဲ့ ပစ်ခတ်တဲ့ လမ်းကြောင်းတွေကို အသေးစိတ် စစ်ဆေးနေကြတယ်လို့ဆိုပါတယ်။










