Border News Agency
နေပြည်တော်၊ မတ် ၂၄။
တတိယအကြိမ်ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ဖြစ်တဲ့မတ်လ ၂၄ ရက်၊ဒီနေ့မှာပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီကို အဖွဲ့ဝင် ၁၅ ဦးနဲ့ ဖွဲ့စည်းလိုက်ပါတယ်။
အဲဒီကော်မတီမှာ ဒဂုံမဲဆန္ဒနယ်မှ ဒေါက်တာနန္ဒကျော်စွာက ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး အမရပူရမဲဆန္ဒနယ်မှ ဦးသိန်းထွန်းဦးက အတွင်းရေးမှူးအဖြစ် တာဝန်ယူမှာဖြစ်ပါတယ်။
အဖွဲ့ဝင် ၁၅ ဦးစာရင်းမှာ အရပ်သားကိုယ်စားလှယ် ၁၃ ဦးနဲ့ တပ်မတော်သားကိုယ်စားလှယ် ၂ ဦး ပါဝင်တာကို တွေ့ရပါတယ်။
ကော်မတီရဲ့ အဓိကတာဝန်တွေအနေနဲ့ တင်သွင်းလာတဲ့ ဥပဒေကြမ်းတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ၊တည်ဆဲဥပဒေတွေနဲ့ ညီညွတ်မှု ရှိ၊မရှိ စိစစ်သွားမယ်လို့ဆိုပါတယ်။
အဲဒီအပြင်နိုင်ငံတော်ရဲ့ လုံခြုံရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ အများပြည်သူအကျိုးစီးပွားကို ထိခိုက်စေမယ့် အချက်တွေ ပါဝင်တာ ရှိ၊ မရှိကို အဓိကထား စစ်ဆေးသွားမယ်လို့ဆိုပါတယ်။













