Border News Agency
အမေရိကန်၊ မတ် ၂၄။
အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ်၊ ရုမ်းမြို့ ရှိ ၁၃၀ ကျော်သက်တမ်းရှိတဲ့ Floyd County သမိုင်းဝင်တရားရုံးဟောင်းမှာ မတ်လ ၂၃ ရက်နေ့က မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေမှာဖော်ပြပါတယ်။
၁၈၉၂ ခုနှစ်ဝန်းကျင်က တည်ဆောက်ခဲ့တဲ့ အဲဒီအဆောက်အအုံဟာ လက်ရှိမှာ အမေရိကန်ဒေါ်လာ ၄ သန်းကျော်အသုံးပြုပြီး အကြီးစား ပြုပြင်မွမ်းမံမှုတွေ လုပ်ဆောင်နေတာလို့သိရပါတယ်။
အဲဒီ မီးလောင်မှုအတွင်း အဆောက်အအုံရဲ့ နာရီစင်ကြီးပြိုကျလာမှာကို စိုးရိမ်ရတာကြောင့် အနီးအနားက လမ်းတွေကို ပိတ်ထားပြီး လူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ဆိုပါတယ်။
အဆောက်အအုံ ပျက်စီးသွားခဲ့ပေမယ့် လူထိခိုက်ဒဏ်ရာရသူမရှိခဲ့ဘူးလို့သိရပါတယ်။
မီးမလောင်ခင်မှာ အလုပ်သမားတွေက အမိုးပေါ်မှာ သံဂဟေဆော်နေတာကြောင့် မီးပွားထွက်ပြီး လောင်ကျွမ်းတာဖြစ်နိုင်တယ်လို့ ယူဆရပေမဲ့ မီးသတ်တပ်ဖွဲ့ကတော့ အကြောင်းရင်းမှန်ကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ဒီအဆောက်အအုံကို လက်ရှိမှာ အခွန်ရုံးနဲ့ မော်တော်ယာဉ်လိုင်စင်ရုံးအဖြစ် အသုံးပြုနေတာ ဖြစ်ပါတယ်။











