Border News Agency
တမူး၊ မတ် ၂၆။
စစ်ကိုင်းတိုင်း၊ တမူးဒေသမှာ အခြေစိုက်တဲ့အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) ဟာ အခုဆိုရင် အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနရဲ့ PDF တပ်ရင်းတွေအဖြစ် ပြောင်းလဲရပ်တည်လိုက်ပြီလို့ မတ်လ ၂၆ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီအမျိုးသားလွတ်မြောက်ရေးတပ်တော်တပ်ရင်းဟာ မတ်လ ၂၀ ရက်နေ့မှာ အမှတ် ၁ စစ်ဒေသရဲ့ကွပ်ကဲမှုကို တရားဝင်ခံယူခဲ့တာဖြစ်ပါတယ်။
အဲဒီနေ့ကပြုလုပ်တဲ့အခမ်းအနားမှာ PDF အလံတော်ကို အလေးပြုတာနဲ့ PDF ဘက်တံဆိပ်တွေ တပ်ဆင်ပေးတဲ့ အစီအစဉ်တွေကိုလည်းပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီ NLA အဖွဲ့ဟာ ၂၀၂၁ ခုနှစ်ကတည်းက Myanmar Federal Army (MFA)အမည်နဲ့ တိုက်ပွဲတွေစတင်ခဲ့တာဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာတော့ NLA အဖြစ် အမည်ပြောင်းလဲဖွဲ့စည်းခဲ့တာပါ။
အခုအခါမှာတော့ NUG ရဲ့ PDF တပ်ရင်းတွေအဖြစ်နဲ့ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်။
NUG ကာကွယ်ရေးဝန်ကြီးဌာနဘက်ကလည်း ကွပ်ကဲမှုအောက်မရောက်သေးတဲ့ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကို အတူတူပူးပေါင်းဆောင်ရွက်ဖို့ အမြဲတမ်းကြိုဆိုနေတယ်လို့ဆိုပါတယ်။





















