Border News Agency
ထိုင်း၊ ဧပြီ ၁။
ထိုင်းနိုင်ငံ၊ချင်းမိုင်ခရိုင် ဖန်မြို့နယ်အတွင်းမှာ ထိုင်းနယ်စပ်လုံခြုံရေးတပ်ဖွဲ့နဲ့ မူးယစ်ဆေးဝါးမှောင်ခိုအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စိတ်ကြွဆေးပြား ၁ သန်းကျော်သိမ်းဆည်းရမိခဲ့တယ်လို့ ထိုင်းဘုရင့်တပ်တော်က ဧပြီလ ၁ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီနယ်စပ်တလျှောက်ကင်းလှည့်နေတဲ့ ဖာမိူင်းတပ်ဖွဲ့ ဟာမတ်လ ၂၉ ရက် ညပိုင်းကမသင်္ကာဖွယ်လူတစုနဲ့ ထိပ်တိုက်တွေ့ဆုံရာကနေ ၅ မိနစ်ခန့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။
အဲဒီတိုက်ပွဲအပြီး နယ်မြေရှင်းလင်းရာမှာတော့ မူးယစ်ဂိုဏ်းဝင် ၆ ဦး အလောင်းနဲ့အတူ စိတ်ကြွဆေးပြား ၁,၁၅၀,၀၀၀ ပြားကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအခင်းဖြစ်နေရာကနေ လက်နက်ခဲယမ်းတချို့၊ဆက်သွယ်ရေးစက်နဲ့ ဖုန်းတွေကိုပါသိမ်းဆည်းရမိခဲ့ပြီး ဖမ်းဆီးရမိတဲ့သက်သေခံပစ္စည်းအားလုံးကိုတော့ ဥပဒေအရအရေးယူနိုင်ဖို့ ဖန်မြို့နယ်ရဲစခန်းထံ လွှဲပြောင်းပေးအပ်ထားတယ်လို့ သိရပါတယ်။









