Border News Agency
ဘီးလင်း၊ ဧပြီ ၅ ။
ကေအဲန်ယူ တပ်မဟာ ၁နယ်မြေ၊ ဘီးလင်းမြို့နယ်အတွင်းက ရွာတွေကို စစ်ကော်မရှင်တပ်က ဧပြီလ ၁ ရက်နဲ့ ၂ ရက်နေ့တွေမှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၁၅ လုံးနဲ့ ဘုန်းကြီးကျောင်းတကျောင်း ပျက်စီးသွားပါတယ်။
အဲဒီလေးကေရွာအတွင်းကို ဧပြီလ ၁ ရက်နေ့မှာ ပေါင် ၃၀၀ ဗုံး ၄ လုံးနဲ့တိုက်ခိုက်ခဲ့ကြောင့် ရွာသားတွေရဲ့ နေအိမ် ၁၂ လုံး ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးက ထုတ်ပြန်ပါတယ်။
အဲဒီအပြင် ဧပြီလ ၂ ရက်၊ညပိုင်းမှာလည်း လေးကေရွာ ဘုန်းကြီးကျောင်းဝင်းနဲ့ ဝင်းတာပန်ရွာအုပ်စုအတွင်းကို ပေါင် ၃၀၀ ဗုံတွေ၊လက်နက်ကြီး ၃၂ လုံးပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်လို့ လေးကေဘုန်းကြီးကျောင်းအပြင် ရွာသား ၃ ဦးရဲ့ နေအိမ်တွေပါ ထပ်မံပျက်စီးခဲ့ရသလို အရပ်သားတွေရဲ့ လုပ်ငန်းခွင်တွေထဲမှာလည်း ဗုံးသီးတွေ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ ဘာသာရေးအဆောက်အအုံတွေနဲ့ စာသင်ကျောင်း၊ ဆေးရုံတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ဆိုပါတယ်။

















