Border News Agency
တောင်ကုတ်၊ ဧပြီ ၁၂။
အမ်းမြို့နယ်ဘက်ကနေ တောင်ကုတ်မြို့နယ်ဘက်ကို တရားမဝင်ပြည်ပထုတ်အရက်နဲ့ ဘီယာတွေတင်ဆောင်လာတဲ့ အမျိုးသားတဦးကို ဒီလပ် (DLP) နဲ့ အကောက်ခွန်ဌာနတို့ပူးပေါင်းပြီး ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
အဲဒီတောင်ကုတ်မြို့၊ ကိုင်းရှည်ရပ်ကွက်မှာနေတဲ့ အသက် ၅၃ နှစ်အရွယ် ဦးသန်းထွန်းဟာ ဧပြီ ၁၀ ရက်နေ့ ညနေပိုင်းကသူ့ရဲ့တေဘားကားနဲ့ အရက်တွေကိုသယ်ဆောင်လာစဉ် စစ်ဆေးရေးဂိတ်တခုမှာ မိသွားခဲ့တာဖြစ်ပါတယ်။
အဲဒီဖမ်းဆီးရမိတဲ့အထဲမှာ Grand Royal အမျိုးအစားအရက်မျိုးစုံပါဝင်ပြီး စုစုပေါင်းကာလတန်ဖိုးကျပ်သိန်း ၁၁၀ ကျော် ရှိတယ်လို့သိရပါတယ်။
အဲဒီဦးသန်းထွန်းကို ယစ်မျိုးဥပဒေနဲ့အမှုဖွင့်ထားပြီး သက်သေခံပစ္စည်းတွေကိုတော့ သိမ်းဆည်းထားတယ်လို့ ဆိုပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊စက်တင်ဘာလကစပြီး အာရက္ခဒေသအတွင်းတရားမဝင်ယစ်မျိုးကုန်စည်တွေ တင်သွင်းရောင်းချတာကို ပိတ်ပင်ထားတာကြောင့် အခုလိုစစ်ဆေးအရေးယူမှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။








