Border News Agency
မင်းပြား၊ အောက်တိုဘာ ၁၈။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မင်းပြားမြို့နယ်မှာ ကလေးငယ်တဦး ရေနစ်သေဆုံးသွားခဲ့တယ်လို့ မင်းပြားဒေသခံတွေက ဆိုကြပါတယ်။
အဲဒီမင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာ၊ ငှက်တော်ရရပ်ကွက်က ဦးဇော်ဝင်းရဲ့သားဖြစ်သူ အသက်ခုနှစ်နှစ်အရွယ် မောင်ချစ်လင်းဇော်ဖြစ်ပါတယ်။
မောင်ချစ်လင်းဇော်ဟာ အောက်တိုဘာလ ၁၇ရက်၊ မနေ့က ညနေ ၅ နာရီအချိန်ခန့် နေအိမ်ကပျောက်သွားခဲ့ပြီး မိသားစုဝင်တွေနဲ့ ရပ်ကွက်နေသူတွေက ရှာခဲ့ပေမယ့် မတွေ့ရှိခဲ့ဘူးလို့ဆိုပါတယ်။
ဒါပေမယ့် အောက်တိုဘာလ ၁၈ ရက်၊ ဒီနေ့မနက် ၇ နာရီအချိန်ခန့်မှာ မောင်ချစ်လင်းဇော်ကို ငှက်တော်ရရပ်ကွက်ရှိ ရေကန်ထဲမှာ ရေနစ်သေဆုံးနေတဲ့ ရုပ်အလောင်းကိုသာ ရှာတွေ့ရှိခဲ့တာလို့ ဆိုကြပါတယ်။
“ကလေးက မနေ့ကညနေပိုင်းကနေ ပျောက်သွားတာ။ တညလုံးရှာပေမယ့် မတွေ့ဘူး။ ဒီနေ့မနက်က ရေကန်ထဲမှာ
ရေနစ်သေဆုံးနေတဲ့ ရုပ်အလောင်းကို ရှာတွေ့ခဲ့တာ။”လို့ ပန်းမြောင်းကျေးရွာသားတဦးက ပြောပါတယ်။
မောင်ချစ်လင်းဇော်ရဲ့ ရုပ်အလောင်းကို အောက်တိုဘာ ၁၈ရက်၊ ဒီနေ့ညနေပိုင်းက သင်္ဂြိုလ်လိုက်ပြီ ဖြစ်တယ်လို့ဆိုပါတယ်။
မြောက်ဦးမြို့နယ်၊ မော်သစ်ကျေးရွာမှ အသက်ငါးဆယ်လေးနှစ်အရွယ် ဦးကျော်ကျော်နိုင်ဟာ အောက်တိုဘာလ ၁၄ ရက်နေ့က ခြိတ်ချောင်းရွာချောင်းမှာ ရေနစ်သေဆုံးသွားခဲ့ပါတယ်။






