Border News Agency
စစ်တွေ၊ ဇန်နဝါရီ ၃၀။
အာရက္ခဒေသအပါအဝင် နိုင်ငံတဝှမ်းက မြို့နယ်ခြောက်ဆယ်သုံးခုမှာ ထုတ်ပြန်ထားတဲ့ စစ်အုပ်ချုပ်ရေး (Martial Law) သက်တမ်းကို ယာယီသမ္မတမင်းအောင်လှိုင်က တပ်ချုပ်မင်းအောင်လှိုင်ဆီ လုပ်ပိုင်ခွင့်တွေထပ်ပေးပြီး သက်တမ်းတိုးလိုက်တယ်လို့ ဇန်နဝါရီလ ၂၉ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီ သက်တမ်းတိုးမှုမှာ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ရခိုင်ကမြို့နယ်တချို့လည်းလည်းပါဝင်နေပြီး တပြည်လုံးနီးပါးစစ်အုပ်ချုပ်ရေးအောက်မှာ ဆက်ရှိနေဦးမှာဖြစ်ပါတယ်။
အာရက္ခဒေသအပြင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ စစ်ကိုင်း၊ မကွေး၊ မန္တလေးနဲ့ ရှမ်းပြည်နယ်တို့က မြို့နယ်တွေလည်းပါဝင်နေပြီး အုပ်ချုပ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက်ဆိုပြီး အကြောင်းပြထားပါတယ်။
တကယ်တော့ ဒီစစ်အုပ်ချုပ်ရေးဟာ စတင်ကြေညာတဲ့နေ့ကစပြီး ရက်ပေါင်းကိုးဆယ်အထိ အတည်ဖြစ်မှာပါ။
အဲဒါကြောင့် အာရက္ခဒေသထဲမှာ စစ်ကော်မရှင်ရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေဟာ နောက်ထပ်သုံးလလောက်အထိ ဆက်ရှိနေဦးမယ့်သဘောပါပဲ။
အာရက္ခဒေသမှာ မြို့နယ်အများစုကို အာရက္ခတပ်တော် (AA)က သိမ်းပိုက်ထားနိုင်ပေမယ့် စစ်ကော်မရှင်ဘက်ကတော့ စာရွက်ပေါ်မှာစစ်အုပ်ချုပ်ရေးသက်တမ်းတိုးပြီး သူတို့အာဏာရှိသေးတယ်ဆိုတာကို ပြချင်နေတာဖြစ်ပါတယ်။
အဲဒီယာယီသမ္မတကနေတပ်ချုပ်ကို ပြန်ညွှန်ကြားတဲ့ ဒီလုပ်ရပ်ဟာ နိုင်ငံတကာနဲ့ ပြည်တွင်းမှာ လှောင်ပြောင်စရာဖြစ်နေပေမယ့် အာရက္ခပြည်သူတွေအတွက် လုံခြုံရေးအရပိုပြီး သတိထားရမယ့် အခြေအနေ ဖြစ်ပါတယ်။






