Border News Agency
အမေရိကန်၊ ဖေဖော်ဝါရီ ၇။
မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အမေရိကန်ကသတ်မှတ်ထားတဲ့ အမျိုးသားအရေးပေါ်အခြေအနေ (National Emergency) ကို သမ္မတဒေါ်နယ်ထရမ့်က နောက်ထပ်တနှစ် သက်တမ်းတိုးဖို့ လက်မှတ်ရေးထိုးလိုက်ပါတယ်။
ဒီအရေးပေါ်အခြေအနေ သတ်မှတ်ချက်ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက သမ္မတဂျိုးဘိုင်ဒန်လက်မှတ်ထိုးခဲ့တာဖြစ်ပြီး အခုသမ္မတသစ်ဒေါ်နယ်ထရမ့် လက်ထက်မှာလည်း ဆက်ပြီးသက်တမ်းတိုးလိုက်တာပါ။
စစ်ကော်မရှင်က ရွေးကောက်ပွဲကျင်းပပေးခဲ့တယ်ဆိုပေမယ့် မြန်မာ့အရေးဟာ အမေရိကန်ရဲ့အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေဆဲပဲလို့ ထရမ့်ကဆိုပါတယ်။
သမ္မတထရမ့်ကတော့ သူ့အစိုးရအဖွဲ့အနေနဲ့ မြန်မာပြည်ရဲ့အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။
အကြမ်းဖက်မှုတွေ လျော့ကျသွားဖို့နဲ့ နိုင်ငံရေးတည်ငြိမ်မှုရှိလာဖို့အတွက်လည်း ဒေသတွင်းမိတ်ဖက်နိုင်ငံတွေနဲ့ ဆက်သွယ်ဆောင်ရွက်နေပြီး လိုအပ်ရင်တော့ မြန်မာအပေါ် ဖိအားပေးမှုတွေကို ချိန်ညှိလုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။
အဲဒီလို သက်တမ်းတိုးဖို့အတွက် အမေရိကန် လွှတ်တော်အမတ်တွေကလည်း သမ္မတထရမ့်ကို တွန်းအားပေးခဲ့ကြတာပါ။
အဲဒီထဲအထူးသဖြင့် စစ်ကော်မရှင်ရဲ့ ကြိုးဆွဲရာကပြမယ့် အစိုးရအယောင်ဆောင်နဲ့ အမေရိကန်ကပုံမှန်ဆက်ဆံရေး ပြန်လုပ်သွားမှာကို လွှတ်တော်အမတ်တွေက စိုးရိမ်နေကြတာပါ။
အဲဒါကြောင့်လည်း အမေရိကန်ဘက်က ပိတ်ဆို့မှုတွေရုတ်သိမ်းပြီး စစ်တပ်နဲ့ပြန်အဆင်ပြေလာမှာမဟုတ်ဘဲ ပိတ်ဆို့မှုတွေကတော့ ဆက်ရှိနေဦးမှာဖြစ်ပါတယ်။
အဲဒီအပြင် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးကလည်း မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေပိုလုပ်သွားမယ်လို့ လွှတ်တော်မှာပြောဆိုထားပါတယ်။






