အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂဌာနချုပ်မှာ ဖေဖော်ဝါရီလ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေက ကျင်းပခဲ့တဲ့ လွှတ်တော်ဆိုင်ရာ ကြားနာပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) မှမြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီပါပွဲကို နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) နဲ့ ကုလသမဂ္ဂ (UN) တို့က ပူးပေါင်းကျင်းပတာဖြစ်ပြီး မြန်မာကိုယ်စားလှယ်တွေဖြစ်တဲ့ ဒေါ်မြတ်သီတာထွန်း၊ဒေါ်မြမျိုးအေးနဲ့ဒေါ်ဖြူဖြူလွင်တို့ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။
အဲဒီကြားနာပွဲအတွင်း မြန်မာကိုယ်စားလှယ်တွေက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းဟာ စစ်တပ်ရဲ့ အကြမ်းဖက်အာဏာသိမ်းမှုကြောင့် တိုက်ရိုက်ဖြိုဖျက်ခံခဲ့ရတာဖြစ်ကြောင်းနဲ့ လက်ရှိမှာ ပြည်သူ ၁၆ သန်းကျော် လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေတယ်လို့ တင်ပြခဲ့ပါတယ်။
ဒါ့အပြင် စစ်ကော်မရှင်တပ်က ကျင်းပတဲ့အတုအယောင်ရွေးကောက်ပွဲဟာ စစ်မှန်တဲ့ကိုယ်စားပြုမှု မရှိတဲ့အတွက် ဒီမိုကရေစီကို နောက်ထပ်စိန်ခေါ်မှုဖြစ်စေတယ်လို့ ထောက်ပြဆွေးနွေးခဲ့ပါတယ်။
နိုင်ငံတကာအနေနဲ့ အာဏာကိုအတင်းအဓမ္မသိမ်းယူထားသူတွေကို ပြည်သူကရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေနဲ့ တန်းတူဆက်ဆံနေမယ်ဆိုရင် ဒီမိုကရေစီစံနှုန်းတွေ အားနည်းသွားမှာဖြစ်လို့ မူဝါဒပိုင်းတသမတ်တည်းရှိဖို့ အရေးကြီးတယ်လို့လည်း တိုက်တွန်းထားပါတယ်။
အဲဒီကြားနာပွဲသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းလည်း တက်ရောက်ခဲ့ပါတယ်။






