Border News Agency
စစ်ကိုင်း၊ ဧပြီ ၇ ။
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်အတွင်းရှိ သဖန်းဆိပ်ရေလှောင်တမံနဲ့အင်တိုင်းကျေးရွာတို့ကို စစ်ကော်မရှင်တပ်စစ်ကြောင်းတွေ ဝင်ရောက်တိုက်ခိုက်ပြီးပြန်လည်ထိန်းချုပ်လိုက်တယ်လို့ ဧပြီလ ၇ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလကတည်းက ဒေသကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေ စိုးမိုးထားတဲ့ အဲဒီဆည်ကို မတ်လ ၂၈ ရက်နေ့မှာ တကြိမ်၊ အင်တိုင်းရွာကို ဧပြီလ ၆ ရက်နေ့မှာတကြိမ် စစ်ကော်မရှင်ကပြန်လည်သိမ်းပိုက်ခဲ့တာလို့ဆိုပါတယ်။
အဲဒီလိုတိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဆုတ်ခွာသွားချိန်မှာ သဖန်းဆိပ်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံနဲ့ အင်တိုင်းရွာအတွင်းရှိ နေအိမ်အချို့ မီးလောင်ပျက်စီးမှုတွေရှိခဲ့တယ်လို့လည်းဆိုပါတယ်။
အဲဒီစက်ရုံဟာ နိုင်ငံတော်ဓာတ်အားပေးစနစ်ကို လျှပ်စစ်ပို့လွှတ်နေတာဖြစ်ပြီး အခုအခါမီးလောင်မှုကြောင့် စက်ပစ္စည်းကိရိယာတွေ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက နယ်မြေလုံခြုံရေး ဆက်လက်ဆောင်ရွက်နေပြီး ပျက်စီးသွားတဲ့လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ပြန်လည်လည်ပတ်နိုင်ဖို့ ပြင်ဆင်သွားမယ်လို့လည်းဆိုပါတယ်။








