Border News Agency
နေပြည်တော်၊ဧပြီ ၁၀။
လာမယ့် မြန်မာနှစ်ဆန်းတရက်နေ့မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးနဲ့ ပြည်သူတွေအတွက် ဆုတောင်းမေတ္တာပို့သတဲ့ ကမ်ပိန်းမှာ ပါဝင်ကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုလူငယ်လုပ်ငန်းအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။
အဲဒီဆုတောင်းကမ်ပိန်းကို မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊နှစ်ဆန်းတရက်နေ့မှာ ပြုလုပ်မှာဖြစ်ပြီး တနိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ လုံခြုံရေးကို အထူးဂရုပြုပြီး ပူးပေါင်းပါဝင်ပေးကြဖို့ ပန်ကြားထားတာ ဖြစ်ပါတယ်။
အဲဒီကမ်ပိန်းမှာ ပါဝင်မယ့်သူတွေအနေနဲ့ သပြေပန်း၊နှင်းဆီပန်း ဒါမှမဟုတ် မိမိကြိုက်နှစ်သက်ရာ ပန်းတွေကို ကိုင်ဆောင်ပြီး တမိနစ်ခန့် ဆုတောင်းပေးရမှာလို့ ဆိုပါတယ်။
အဲဒီလိုဆုတောင်းရာမှာ ဒေါ်အောင်ဆန်းစုကြည်၊သမ္မတကြီး ဦးဝင်းမြင့်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ကျန်းမာဖို့၊ အမြန်ဆုံးလွတ်မြောက်ဖို့နဲ့ ပြည်သူတွေ ဘေးအန္တရာယ်ကင်းဝေးဖို့အတွက် ဆုတောင်းပေးကြဖို့ တိုက်တွန်းထားတာပါ။
မိမိတို့ရဲ့ လုံခြုံရေးအခြေအနေပေါ် မူတည်ပြီး ဆုတောင်းနေတဲ့ ဗီဒီယိုဖိုင်တွေကို လူမှုကွန်ရက်ပေါ်မှာ ပြန်လည်မျှဝေပေးကြဖို့ကိုလည်း NLD လူငယ်လုပ်ငန်းအဖွဲ့က မေတ္တာရပ်ခံထားပါတယ်။






