Border News Agency
ဝါရှင်တန်၊ ဧပြီ ၁၂ ။
ပါကစ္စတန်မှာ အမေရိကန်နဲ့ အီရန်တို့ဆွေးနွေးပွဲတွေ ပြုလုပ်နေစဉ်အတွင်းမှာပဲ အမေရိကန်ပဲ့ထိန်းဒုံးကျည်တင်ဖျက်သင်္ဘော ၂ စီးဖြစ်တဲ့ USS Michael Murphy နဲ့ USS Frank E. Peterson တို့ဟာ အီရန်ဘက်ကပိတ်ဆို့ထားတဲ့ ဟော်မုဇ်ရေလက်ကြားကိုဖြတ်သန်းသွားခဲ့ပါတယ်။
ဒီလုပ်ရပ်ဟာ နိုင်ငံတကာရေပြင်မှာ လွတ်လပ်စွာသွားလာနိုင်ခွင့်ကို ဖော်ပြတာဖြစ်သလိုရေလက်ကြားအတွင်း မိုင်းအန္တရာယ်ရှိမရှိနဲ့ ရေကြောင်းလမ်း လုံခြုံစိတ်ချရမှုကို စမ်းသပ်ထောက်လှမ်းတဲ့ စစ်ရေးလှုပ်ရှားမှုတခုလည်းဖြစ်ပါတယ်။
အီရန်အစိုးရမီဒီယာတွေကတော့ သူတို့တပ်ဖွဲ့တွေရဲ့သတိပေးချက်ကြောင့် အမေရိကန်သင်္ဘောတွေ ပြန်လည်ဆုတ်ခွာသွားတာဖြစ်တယ်လို့ ထုတ်လွှင့်နေကြပေမယ့် အမေရိကန်အလယ်ပိုင်းစစ်ဌာနချုပ် (CENTCOM) ကတော့ အဲဒီပြောဆိုချက်ကို ငြင်းဆိုထားပါတယ်။
အမေရိကန်ရေတပ်အနေနဲ့ ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ဖို့ “Operation Sentinel” လျှို့ဝှက်စီမံချက်ကိုရေးဆွဲထားပြီး အခုဖျက်သင်္ဘောစေလွှတ်မှုဟာ အခြေအနေအရပ်ရပ်ကို သုံးသပ်လေ့လာတဲ့ပထမအဆင့်ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ အီရန်ဘက်ကရေလက်ကြားကို ဆက်လက်ပိတ်ဆို့ထားဖို့ကြိုးပမ်းနေပေမယ့် အမေရိကန်ကတော့မိုင်းရှင်းလင်းရေးနဲ့ အနှောင့်အယှက်ပေးမယ့် စစ်စခန်းတွေကိုချေမှုန်းမယ့် အဆင့်ဆင့်သောစီမံချက်တွေနဲ့ တုံ့ပြန်သွားဖို့ပြင်ဆင်နေပါတယ်။






