Border News Agency
ချင်းမိုင်၊ ဧပြီ ၁၂။
ထိုင်း-မြန်မာနယ်စပ်၊ ချင်းမိုင်ခရိုင်၊ မယ်အေးမြို့နယ်အတွင်းမှာ ထိုင်းစစ်တပ်ရဲ့ဖာမိန်းတပ်ဖွဲ့နဲ့ မူးယစ်မှောင်ခိုအဖွဲ့တို့ ဧပြီ လ ၁၀ ရက်က ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စိတ်ကြွဆေးပြား ၁ သန်းကျော်သိမ်းဆည်းရမိခဲ့တယ်လို့ ထိုင်းတော်ဝင်တပ်ဖွဲ့ကထုတ်ပြန်ပါတယ်။
အဲဒီမယ်အေးမြို့နယ်၊ ထာတွန်ကျေးရွာအုပ်စုအနီး နယ်စပ်တလျှောက် ကင်းလှည့်နေတဲ့ ထိုင်းစစ်တပ်ဟာ သံသယဖြစ်ဖွယ် လူ ၂၀ ခန့်ကို စစ်ဆေးဖို့ ကြိုးပမ်းစဉ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး မှောင်ခိုအဖွဲ့ဝင်တွေဟာ တောတွင်းကိုထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအခင်းဖြစ်နေရာကို နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာမှာ မှောင်ခိုအဖွဲ့ဝင်တွေစွန့်ပစ်သွားတဲ့ ဆာလာအိတ် ၁၃ အိတ်ကို တွေ့ရှိခဲ့ပြီး အိတ်တွေအတွင်းကနေ စိတ်ကြွဆေးပြား၁,၂၀၀,၀၀၀ ပြားနဲ့ ဟီးရိုးအင်း ၂.၁ ကီလိုဂရမ်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။
ဖာမိန်းတပ်ဖွဲ့မှူး ဗိုလ်ချုပ်သာသစ်ဝိုင်ယနွန့်ရဲ့ ကိုယ်စားလှယ်အဖြစ်တာဝန်ရှိသူတွေက မူးယစ်ဆေးဝါးတွေကိုသွားရောက်စစ်ဆေးခဲ့ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ သက်သေခံပစ္စည်းတွေကို မယ်အေးရဲစခန်းထံလွှဲပြောင်းပေးခဲ့တယ်လို့ဆိုပါတယ်။
ထိုင်းစစ်တပ်အနေနဲ့ နယ်စပ်တလျှောက် မူးယစ်ဆေးဝါးမှောင်ခိုကူးမှုတွေကို ကာကွယ်တားဆီးဖို့အတွက် လုံခြုံရေးနဲ့ကင်းလှည့်စစ်ဆေးမှုတွေကို အရင်ကထက်ပိုပြီးတင်းကျပ်ထားတယ်လို့ သိရပါတယ်။










