Border News Agency
မန္တလေး၊မေ ၂၇။
မန္တလေးတိုင်း၊မြင်းခြံ -တောင်သာလမ်းပိုင်းမှာ အာဏာသိမ်းစစ်တပ်က စစ်သား၊ ရဲနဲ့ ပျူစောထီးတွေလိုက်ပါလာတဲ့ ကားကိုတော်လှန်ရေး ပူးပေါင်းတပ်တွေ ကြားဖြတ်တိုက်ခိုက်လို့ အရာရှိ ၁ ဦးအပါအဝင် ၁၂ ဦး သေဆုံးသွားခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် ၁တပ်ရင်းက မေလ ၂၆ ရက်၊မနေ့က ထုတ်ပြန်ပါတယ်။
အဲဒီမြင်းခြံမြို့ပေါ်ကနေ မောင်းနှင်လာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ 4×4 ကားနဲ့ Super Custom ကားကို မြင်းခြံ-တောင်သာလမ်းပေါ်မှာ လုံခြုံရေးယူထားတဲ့ တော်လှန်ရေးတပ်တွေက မေလ ၂၄ ရက်နေ့မှာပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း အာဏာသိမ်းစစ်တပ်ဘက်ကထိခိုက်သေဆုံးမှုများပြားခဲ့ပြီး Super Custom ကားတစီးနဲ့အတူ အာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင်အလောင်း ၄ လောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် သူတို့ဆီကနေ MA-1 သေနတ် တလက်၊ PA သေနတ် တလက်၊ M22 သေနတ် တလက်၊ကာဘိုင် သေနတ် တလက်နဲ့ စစ်အသုံးအဆောင် ဆက်စပ်ပစ္စည်းအချို့ကိုပါ သိမ်းဆည်းမိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီပစ်ခတ်မှုဖြစ်ပွားပြီးနောက် အာဏာသိမ်းစစ်တပ်ရဲ့ 4×4 ကားဟာ ထိခိုက်သေဆုံးမှုတွေနဲ့အတူ မြင်းခြံမြို့ဘက်ကို ပြန်လည်မောင်းနှင်ထွက်ပြေးသွားခဲ့သလို စစ်တပ်ဘက်က စစ်ကူတွေထပ်မံရောက်ရှိလာတာကြောင့် မြင်းခြံခရိုင် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်းပြန်လည်ဆုတ်ခွာခဲ့တယ်လို့ဆိုပါတယ်။













